Tuesday, March 13, 2007

ငါတို့ တသက်မမေ့၊ မတ် ၁၃ရက်နေ့

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးနေပေမယ့် အဲဒီအမှောင်ထုကို အံတုပြီး ကြွေးကြော်သံတွေက မိုးထက်ညံနေသည်။ ကျွန်တော့် ရင်ဘတ်ကို ကိုင်ကြည့်တော့ သွေးတွေရဲရဲနီနေပြီ။ ဘေးပတ်ပတ်လည်မှာ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေက စိတ်ပူပြီး `အားတင်းထား သူငယ်ချင်း´ `အားတင်းထား၊ မင်းဘာမှမဖြစ်ဘူး´စသည်ဖြင့် ၀ိုင်းဝန်းအားပေးနေကြသည်။ တခြားလူတွေကတော့ ဆက်လက်ပြီးတိုက်ပွဲဝင်နေတုန်း။ သူတို့ အော်သံတွေနဲ့ အတူ ကျွန်တော်လည်း လိုက်အော်ဖို့ ကြိုးစားကြည့်ပေမယ့် ပါးစပ်က ဘာသံမှ ထွက်မလာ။ စိတ်ထဲမှာတော့ သူတို့နဲ့ တစ်သားတည်း ရှိနေသည်။ လှေခွက်ချည်းကျန် အလံမလဲစေရ။

ကျွန်တော်တို့ လွတ်မြောက်ဖို့လိုသည်။ လွတ်မြောက်ရမည်။ ကျောင်းသားထုတစ်ခုလုံးကိုယ်စား၊ ပြည်သူလူထုကိုယ်စား၊ တနိုင်ငံလုံးကိုယ်စား၊ တိုက်ပွဲဝင်မည်။ ၂၆နှစ်ဆိုသည့် အချိန်အတိုင်းအတာတစ်ခုက တိုင်းပြည်ရဲ့ သက်တမ်းနှင့် ယှဉ်လျှင်တော့ ဘာမှ မကြာပါ။ ဒါပေမယ့် လူတစ်ဦးချင်းစီနှင့် ယှဉ်လျှင်တော့ လူ့သက်တမ်း၏ သုံးပုံတစ်ပုံခန့်ရှိမည်။ အမြင်တွေေ၀၀ါးလာပြီ။ အသံတွေက ကြားတစ်ချက်မကြားတစ်ချက်။ ငါတို့အားလုံးအတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် . . . . . . . . . . ။ နောက်ဆုံးအနေနဲ့ တစ်ခုခုတော့ ပြောခဲ့ချင်သည်။ အားမနည်းတင်းပြီး ပြောမည်။ ပြောနိုင်ရမည် . . .။ ပါးစပ်လေးနဲနဲလှုပ်လို့ ရသည်နှင့် နောက်ဆုံးအင်အားများဖြင့် အော်ခဲ့ပြီ။ အရေးတော်ပုံအောင်ရမည်။

လွန်ခဲ့သော ၁၉နှစ် မတ်လ ၁၃ရက်တွင် ကျဆုံးသွားခဲ့သော ကိုဘုန်းမော်နှင့် ကျောင်းသားများအတွက် အမှတ်တရ။

No comments: