Sunday, May 20, 2007

ငါမွန်အမြတ်ငါအတတ်ဟု

(သူငယ်ချင်းတစ်ယောက်က ဒီကဗျာလေးကို ဘာလို့တင်တာလဲဆိုလို့ ထပ်ဖြည့်ပြီးရေးပေးလိုက်ပါတယ်။)
ဒီရက်ပိုင်း ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေနဲ့ပဲ ကြုံနေပါတယ်။ ဥပမာ ကျွန်တော် ခွေးဟောင်သံတွေကြားတဲ့နေ့မှာ မမေဓါဝီက သူ့ရဲ့ ခွေးလေးအကြောင်းကို တင်ထားတယ်။ (မမေဓါဝီဆိုတာ လူချင်းမရင်းနှီးပေမယ့် မဟနစံပြောလို့ ခဏခဏ ကြားဖူးတာတော့ကြာပါပြီ။ လူတော်တော်များများလဲ သူ့ကိုလေးစားကြပေမယ့် ကျွန်တော်တော့မပါပါဘူး) နောက်တိုက်ဆိုင်မှုတစ်ခုက မိဘမေတ္တာအကြောင်း အက်ဆေးတစ်ပုဒ်ဖတ်အပြီးမှာ နေဘုန်းလတ်က ဒေါ်လာ၂၀ဆိုတဲ့ ပိုစ့်လေးကိုတင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ စိတ်မကောင်းစရာပါ။ နာရေးကူညီမှုအသင်းကို ဒုတိယအကြိမ် ပိုက်ဆံလှမ်းလှူမယ်လို့ စဉ်းစားနေတဲ့အချိန်မှာ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းကို နေနေနိုင်ရဲ့ ဘလော့ခ်မှာ ဖတ်လိုက်ရတာပါ။ ဒီလိုတိုက်ဆိုင်မှုတွေ များတဲ့လောကကြီးကို အရွဲ့တိုက်ချင်လို့ ဘာမှ မဆိုင်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးကို တင်ခဲ့တာပါ။


သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။

တက္ကသိုလ်ဘုန်းနိုင်၏ ကဗျာကို သံလွင်အိပ်မက် အမှတ် ၅ မှ တိုက်ရိုက်ကူယူဖော်ပြပါသည်။

4 comments:

ဂျစ်တူး - gyit_tu said...

ဇင်ကိုလတ်ရေ.. ဘလောဂါ့များ ရန်ပုံငွေထည့်ဖို့ အကောင့်နံပါတ်လည်း အီးမေးလ် မပေးသေးဘူး ။ လုပ်ပါဦး ။ gyit_tu@yahoo.com ကို ပို့ပါ ။ ဒါနဲ့ ဘာလို့ ဆီဗုံး မထားတာလဲး)

Thelay said...

အမ.. ကိုဇင်ကိုလတ် ရဲ့ ဆီပုံးက .. သူရောင်းစားလို့ ကုန်ပြီ ..အမ.. ဟီး.ဟီး

demo said...

ဆီဗုံးမထားဘူးပေါ့.. on diet ဆိုတော့ ဆီကိုလျှော့နေရတယ်ထင်တယ်..ုပုလင်း အလွတ်တွေပဲ ရှိမယ်ထင်တယ်.. =P

Zin Ko Latt said...

မဂျစ်တူး >>> ကျွန်တော့် အကောင့်နံပါတ် အီးမေးလ်ပို့ထားပါတယ်။ ကျွန်တော်က အင်တာနက်ကို တခါတလေ စိတ်မပါရင် နှစ်ရက်သုံးရက်လောက် သုံးတာမဟုတ်ဘူး။ ဒါကြောင့် အမြဲတမ်းဆီဗုံးကို စစ်နေနိုင်မှာ မဟုတ်လို့ မထားဖြစ်တာပါ။

သဲလေး >>> ရောင်းစားစရာ ဆီဗုံးတောင် အစကြီးကတည်းက မရှိတာပါ။ အဲလောက်မွဲတာ။ :( ကြုံတုန်းပိုက်ဆံလေးဘာလေး ချေပါဦး။

ဒီမို >>> ဆီလျှော့လည်း ၀တာပဲ။ မလျှော့လည်းဝတာပဲ ဆိုပြီးစိတ်ညစ်လို့ ဘာမှကို မလျှော့တော့တာ နှစ်ရက်လောက်ရှိပြီ။