Saturday, June 16, 2007

မိုးတွေရွာရင် . . .

မိုးတွေရွာရင်(သို့)ကိုယ့်ဖက်ပါတဲ့ ရာသီဥတု


အင်း . . . တက်တဲ့သူက တက်သွားတော့လည်း ရေးရဦးမှာပေါ့လေ။ ဒါမှ ကျွန်တော်တို့ ဘလော့ခ်ကာတွေ တစ်ယောက်ကို ခင်မင်ရင်းနှီးတယ်ဆိုတာ ပြလို့ရမှာကိုး။ အင်း မိုးတွေရွာရင် ဆိုပြီးတက်သွားကတည်းက ကျွန်တော်သိလိုက်ပါတယ်။ ဘလော့ခ်တွေမှာ မိုးရွာပြီလို့။ ထင်တဲ့အတိုင်းပါပဲ။ မိုးရွာရုံတင်မဟုတ်ဘူး။ ဘလော့ခ်တွေမှာ ရေတွေပါကြီးကုန်ကြပါပြီ။

မိုးတွေရွာရင် . . . `မြတ်နိုးသူရယ် . .ချစ်မိုးစွေခဲ့တယ်၊ ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်´ဆိုတာက အစ၊`အချစ်မိုး ဘယ်တော့ရွာမှာလဲ၊ အချစ်မိုး ဘယ်တော့ရွာမှာလဲ´ဆိုတာ အလယ်၊ `တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့မိုးတွေ ထီးတချောင်းထဲဆောင်းလို့ စိုကာစိုကာရွှဲစေ´ဆိုတာ အဆုံး၊ သီချင်းတွေကို အရင်ဆုံးသတိရပါတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာသီချင်းမှာ ကလည်း မိုးအကြောင်းသီချင်းတွေက အများသားရယ်။ မိုးအတွက်မိုး ဆိုတဲ့ မိုးအကြောင်းချည်းပဲ ဆိုတာတဲ့ သီချင်းခွေတောင် ရှိသေးတာပဲ။

နောက်ပြီးတော့ အိမ်မှာ အားအားယားယားရှိနေတုန်း မိုးတွေရွာရင် ဂစ်တာလေးနဲ့ သီချင်းငါးပုဒ်လောက်တော့ တီးပြီး ဆိုဖြစ်ပါတယ်။ အဲဒီသီချင်းတွေကတော့ ကိုင်ဇာရဲ့ `မိုးပြေးကလေးရယ် ရှာဖွေကာပြောပေးပါလားကွယ်´`ကျောင်းဆင်းတဲ့ချိန်မိုးသည်းသည်းရွာ လွယ်အိတ်ကလေးနဲ့ ကောင်မလေး´၊ ကိုင်ဇာသီချင်းကိုပဲ အဲလက်စ်ပြန်ဆိုထားတဲ့ `မဆီမဆိုင်ရွာတဲ့မိုးကို ကိုယ့်အချစ်မိုး အဖြစ်နဲ့´၊ ဂျေညီညီရဲ့ `ဒီလိုမိုးသည်းသည်းမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို´၊ လွှမ်းမိုးရဲ့ `မောင် လိုက်လို့ရှာမယ်လေ၊ မိုးစက်တင်လေ´ဆိုတဲ့ သီချင်းတွေပါပဲ။

အဲဒါမှ မိုးက မတိတ်သေးဘူးဆိုရင် အိမ်မှာ ရှိတဲ့ သီချင်းစာအုပ်တွေ ထဲက မိုးသီချင်းတွေ အကုန်လျှောက်တီးပြီး မြန်မာသီချင်းကုန်သွားရင် `Raindrop is falling on my head´`Have you ever seen the rain .. ´ `November Rain´တို့ပါ ပါကုန်ရော။ မိုးသီချင်းကုန်သွားရင် မထူးတော့ပါဘူးဆိုပြီး တခြားကျွန်တော်တီးတတ်သမျှ သီချင်း တွေကိုပါ အကုန်ဆက်တိုက် မနားတမ်းပေါ့။

အဲဒါကြောင့် အတူနေတဲ့ သူငယ်ချင်းတွေက ``ဟေ့ကောင်၊ အပြင်မှာ ကြည့်စမ်း၊ ရာသီဥတုလေးက ကိုယ့်ဖက်မှာ၊ ဒီအချိန်စောင်လေးနဲ့ ကွေးလိုက်၊ ဘယ်လောက်ဇိမ်ရှိမလဲ´´လို့ ပြောပြီး ကျွန်တော့်သီချင်းဆက်မတီး၊ မဆိုဖို့ သွယ်ဝိုက်ကာ သတိပေးတတ်ပါတယ်။

အခုလဲ ကျွန်တော်ကွေးလိုက်ရင် ကောင်းမယ်။ မိုးလေးက အပြင်မှာ တဖွဲဖွဲရယ်။ `မိုးကလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ် ပြတင်းတံခါးဆီပဲ´အဲ ပြောရင်းဆိုရင်း သီချင်းက ဆိုချင်လာပြန်ပြီ။ အင်း မနက်လည်း ခြောက်နာရီ ထိုးတော့မယ်။ အားနာလို့သာရေးတာ အိပ်ကအိပ်ချင်နေပြီ။ `မိုးရေ သိပ်လွမ်းနေ၊ မင်းမရှိတဲ့နေ့တွေမှာ . . ဒန်တန်´၊ သြော် အိပ်တော့မယ်ဆိုမှ။ မဖြစ်ဘူး အိပ်မှကို ဖြစ်တော့မယ်။ ရာသီဥတုလေး ကိုယ့်ဖက်မှာမဟုတ်လား။

6 comments:

သောက်ဖော်သောက်ဖက် said...

ရာသီဥတုက ကိုယ့်ဖက်မှာဆိုရင် Chivas လေးက ကိုယ့်အခန်းထဲမှာ အသင့်ပါပဲ

Mr.Pooh said...

သတိ ။ ။ Danger Zone တွင် မိုးရွာနေသည်။ မိန်းကလေးများ ဖြတ်သန်းခွင့်မပြု။

Ko Phyoe said...

မြတ်နိုးသူရယ် . .ချစ်မိုးစွေခဲ့တယ်၊ ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် ကို မြတ်နိုးသူရယ် ချစ်မိုးတွေ စွေခဲ့တယ် ဗိုက်ကြောပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်ဆိုပြီး ဖျက်ဆိုခဲ့တာလေး ပြန်သတိရသွားတယ်

ဂျစ်တူး - gyit_tu said...

မောင်ပွတ် ပြောသွားတာလေး ကြိုက်ပ အဟား ။ ဇင်ကိုလတ်က ဒီပို့စ်နဲ့ အားလုံးကို သူ သီချင်း သိပ်ဆိုတတ်ကြောင်း ကြေငြာလိုက်တာ ။ ဘလောဂါ့ စာအုပ်ဖွင့်ပွဲကျ မင်းပဲ ဒိုင်ခံ ဆိုတော့ ဇင်ကိုရေ ဟားဟား

Zin Ko Latt said...

သောက်ဖော်သောက်ဖက် >>> ဘယ်အခန်းထဲမှာတုန်း၊ အဲဒီလို ဖွတ်မထားနဲ့လေ ချမယ်၊ ချမယ်။

Mr.Pooh >>> အဲ . . . အဲဒီတော့လည်း ရှောင်စေတဲ့ ရှားစေပေါ့။

Ko Phyoe >>> ဟုတ်လား။ ကျွန်တော်တော့ တစ်ခါမှ မဆိုဘူးဖူး။ ဟီးဟီး။ ရယ်ရတယ်။

ဂျစ်တူး >>> မဂျစ်ရေ။ ကျွန်တော်တီးတာက တခြား၊ ဆိုတာတခြား ဖြစ်နေတာတော့ ဘယ်သူမှ လျှောက်မပြောရဘူးနော်။

MELODYMAUNG said...

သီချင်းမိုးတွေရွာထားတဲ့ ဟိုလိုလူရေ …..အွန်လိုင်းမှာမတွေ့ပါလားဟေ