Tuesday, August 7, 2007

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း

အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

3 comments:

ဒီဝိုင်း said...

ဒီ ပိုစ့်လေးအတွက်ကျေးဇူးပါဗျာ…ရိုးရိုးလေးနဲ့ကောင်းတာပါ…

MELODYMAUNG said...

တင်ပေးတာ သိုင်းကြူးကွာ ဒီဟာမဖတ်ဖူးဘူး ကောင်းတယ်

Aquarius said...

thx 4 ur post... i like the last one "yate khar".