Sunday, August 12, 2007

အို . . .အိပ်မက်ရင်ကွဲ

တာရာမင်းဝေရဲ့ နာမည်အကြီးဆုံးစာအုပ်ဖြစ်တဲ့ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နှင့် ကောင်မလေးထဲမှ အရမ်းကြိုက်တဲ့ စာသားတစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လူမိုက်ကို ရှာသော် ရေထဲမှာတွေ့၏။ ထိုလူမိုက်က ထိုရေကို လက်ခုပ်ဖြင့် ဆယ်သောက်ပြန်၏။ ထို့အတွက် သူဒူးထောက်ခဲ့ရသေးသည်။ သူ့အပါးသို့ ကျည်ဆန်မှန်ထားသော အိပ်မက်တစ်ခု ပြုတ်ကျလာသည်။ ထိုအိပ်မက်သည် ရင်ဟက်တက်ကွဲနေ၏။
အို . . အိပ်မက်ရင်ကွဲ . .

+ ထိုသို့ဖြင့်ပင် ငါတို့ဝေးကြတော့မည် ထင်ပါသည် ချစ်သူ...။
+ ငါတို့၏ခွဲခွာချိန်တွင် ကျောက်နှင်းဆီတို့သည် မြရွက်ကို ပန်ရင်း မြောက်ပြန်လေထဲ ကြွေကျသွားကြလိမ့်မည်။ လောကသည် နီမှိုင်းနေအံ့။ အရာရာသည် တုန်ဖျော့အိုမင်းကာ ငါတို့ကို မျက်စိမှိတ်လိုက်ကြပါလိမ့်မည်။
+ မြူတွေကို ဖွားခနဲ ဖောက်ခွဲရင်း ပြိုကွဲနေသော ဆောင်းရာသီသည် အဝေးခေါင်းလောင်းကို ကိုက်ချီပျံသန်းလာလိမ့်မည်။ ခေါင်းလောင်းသံကို ငါတို့ကြား၏။ သို့သော်ခေါင်းလောင်းသံသည် ငါတို့ကို မကြား။ ခေါင်းလောင်သံဖြင့် ငါတို့သွားကြမည်။ သို့သော်အတူကားမဟုတ်။ တစ်ယောက်တစ်နေရာဆီ။

+ ငါတို့ နှုတ်ဆက်ကြရလိမ့်ဦးမည်။ ထိုအချိန်သည် ပြတ်အံ့မူးမူး ဂစ်တာကြိုးကလေး၏ နောက်ဆုံးအချိန်နှင့် တူလိမ့်မည်။ အချို့က ငါတို့ကို သနားကြဦးမည်။ အချို့ကြောင့် ငါတို့လည်း သနားခံရဦးမည်။ ရာဇ၀င်တွေက သူတို့၏ မျက်နှာထက်မှာ အလံနက်ကို တစ်ဝက်စီလွင့်ထူကြလိမ့်မည်။ ငါ့ရင်အုံသည် တောင်ကုန်းကမူမဟုတ်။ သို့သော် ထိုအလံက ငါ့ရင်အုံမှာ စိုက်ပြီး ပျံလိမ့်မည်။ သေချာနေခဲ့ပြီ။
+ တိမ်ခက်တို့သည် မလှပ၊ ဆောက်ချက်လွန်ထားသော ပန်းပုရုပ်ကို အပြာရောင်သွေးတွေစိုသည်။ ဖရိုဖရဲနှင့် ကောင်းကင်မှာ ကျကွဲသည်။ ငါပြောချင်သော စကားတစ်ခွန်းရှိ၏။ သို့သော်ထိုစကားသည် ရင်ဘတ်ဆောင့်တွန်းခံရပြီးလဲကျသွားသည်။ ငါ . . ဘာမှ မပြောဖြစ်တော့။ မတ်တတ်ရပ်ပြီး လမ်းမှာရယ်မည်။ အက်ကွဲစွာ...။
+ ငါထူသော ကံ့ကော်ကျောက်တိုင်တစ်ခုရှိသည်။ ထိုကျောက်တိုင်သည် အကိုင်းဖြာ၏။ အပွင့်ဝေ၏။ ငါက မခူး။ ထို့ကြောင့် ငါ့ကို ခူးကြပြီ။ ဆောင်းလက်ချောင်းများနှင့်ပင် ငါ ဆုတောင်းဖူးပြန်၏။ သို့သော် ငါ့အတွက် ပွင့်သော တံခါးတို့မရှိကြ။ ငါမှောင်သည်။ ငါ လွမ်းသည်။ အိုဘယ့် ချစ်သူရယ်... ဟု ငါမြည်တမ်း၏။ ထို့နောက်ငါ့နှုတ်ခမ်းကိုသာ ငါကိုက်ထားရတော့သည်။
+ ချစ်သူ၏ မျက်တောင်နက်သည် ငါ့အတွေးတွေကို အုပ်စိုးသော မိုးဓားတစ်လက်ဖြစ်၏။ ငါ... အခါခါရိုကျိုးရင်း ပျော်မွေ့ခဲ့ဖူးသည်။ ခုအခါငါ့ဒဏ္ဍာရီတစ်ပုဒ် မီးလောင်၏။ မှော်ပညာမြောက်သော မျက်ရည်အစက်စက်တို့က ကောင်းကင်အထပ်ထပ်ဖြင့် ငါ့ကိုရွာသည်။ မီးငြိမ်း၏။ သို့သော်ငါကားမငြိမ်းတော့ချေ။

+ လေဆန်တွေတိုး၏။ ဂြိုဟ်တွေအုပ်စုလိုက် ကြွေ၏။ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့် ကောင်မလေး ငါ့ကို စတေးထားခဲ့ပြီလား။ ငါသည် ငါ့ဒိုင်ယာရီကြားမှာ ပြန်ညပ်နေသော ၀ါးရွက်ခြောက်ကလေးသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အသေခံပြီး ငါဆက်ချစ်သွားဦးမည်။ အို . . .ချစ် . . .သူ။ ဒီခင်တန်းမှာ ချမ်းမြေ့ဖြူစင်ပါစေ။
+ သစ္စာတွေ ငါဆိုမည်။ အလင်းလျော့ပြေချိန်တွင်းမှာ `နှင်းရေ . .နှင်းရဲ့´ဟု အော်ပစ်လိုက်မည်။ `ရင်ကွဲသံ´ဖြစ်၍ ဗျပ်စောင်းတို့ဖြင့် ခြံရံသည့်တိုင် ချိုမည်မထင်။ လူ့သမိုင်းထဲက အကျအဆုံးနည်းနည်းနဲ့ စစ်ရှုံးခဲ့သမျှ ငါတို့ထက် ကံကောင်းကြ၏။ ငါတို့အတူရပ်နေကြမည်။ သို့သော်ငါတို့ မတူခြားနားစွာရပ်နေကြခြင်းဖြစ်မည်။ အို . . ချစ်သူ . .
+ ခွဲကြတော့မည်လား။ လက်တွဲမဖြုတ်ခင်အထိတော့ လက်ချင်းမြဲမြဲဆုပ်ခဲ့ချင်သည်။ ရင်ခတ်နှုတ်ခမ်း အလွမ်းဆံမျှင်တို့လည်း ပျံ့လွင့် ...။ ထိုသို့ဖြင့် . .
+ ငါနှင့် ချစ်သူသည် .. ..

ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နှင့် ကောင်မလေးထဲမှ - တာရာမင်းဝေ

4 comments:

ဂျစ်တူး - gyit_tu said...

ဇင်ကို.. တာရာမင်းဝေ ဆိုပြီး လေဘယ်လ်လေး သပ်၂လုပ်ပေးလို့ ရမလား ။ တို့ဘလောဂ့်မှာ လင့်ခ်ချင်လို့ ။ request requestး)

Zin Ko Latt said...

အချင်းချင်းတွေပဲ လုပ်ပေးရမှာပေါ့ အမရယ်။ ဒီညလုပ်ထားလိုက်မယ် မနက်ဖြန်မနက်ကျရင် ၀င်ကြည့်လိုက်။

Aquarius said...

i read that book when i was 10th standard... the 1st novel i read...

ိdemo said...

ဒီမို ပထမဆုံးဖတ်ဖူးတဲ့ တာရာမင်းဝေ စာအုပ်ပဲ.. ဟိုနေ့ကတောင် ပြန်ဖတ်လိုက်သေးတယ်.. =)