Thursday, August 16, 2007

Programmerလား၊ Engineerလား

လူတိုင်း ငယ်ငယ်တုန်းက သားသား(ဒါမှမဟုတ်)မီးမီး ကြီးလာရင် ဘာလုပ်မလဲ၊ ဆိုတဲ့မေးခွန်းမျိုး မေးခံဖူးကြပါလိမ့်မယ်။ အဲဒီလိုမေးခံရတိုင်း ကျွန်တော် အင်ဂျင်နီယာလုပ်မယ်လို့ပဲ ဖြေခဲ့တယ်။ အမှန်အတိုင်းပြောရရင် အင်ဂျင်နီယာအလုပ်အပြင် တခြားဘာလုပ်စရာရှိမှန်းလည်း အဲဒီအချိန်တုန်းက မသိလောက်ပါဘူး။ အင်ဂျင်နီယာဆိုတာကိုတောင် အဖေရော အမေရော အင်ဂျင်နီယာဖြစ်နေလို့ သိတာနေမှာ။ ဒီလိုနဲ့ ကျွန်တော့် ၉တန်း ၁၀တန်းနေ့ရက်တွေရဲ့ အိပ်မက်တိုင်းမှာ YIT(ယခင် RIT)က တိုင်းလုံးကြီးတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်။ ၁၀တန်းဖြေပြီး တက္ကသိုလ်မတက် ရသေးခင်မှာတော့ ကွန်ပျူတာသင်တန်းတွေ တစ်ခုပြီးတစ်ခု တက်နေလိုက်တယ်။ အဲဒီတုန်းကတော့ Cတို့ Pascalတို့၊ Qbasicတို့ပေါ့။

ပထမဆုံးတက်ဖြစ်တာတော့ ACEမှာပါ။ နောက်ပိုင်းကျတော့ KMD, S.H.E, MCCစသည့်ဖြင့်အစုံပဲ။ Programming ကို စသင်တော့ ဆရာမက FlowChartတွေကို သင်ပေးပါတယ်။ Programming ဆိုတာ ဘာမှန်းတောင် သိတဲ့ကောင်မဟုတ်တော့ ဒီပုံတွေကို ဘယ်ထဲမှာ ဆွဲထည့်ရမှာတုန်း၊ ဒီပုံတွေကို ကွန်ပျူတာထဲ ဆွဲထည့်လိုက်တာနဲ့ ပရိုဂရမ်ဆိုတာတွေ ထွက်လာရောလားဆိုပြီး ပေါက်ကရတွေချည်း တွေးမိတယ်။ အဲဒီလို ပါရမီပါခဲ့တာလေ။ ဒါပေမယ့် ကျွန်တော်လွယ်လွယ်နဲ့ အလျော့မပေးပါဘူး။ အဲဒီတုန်းက အကိုကရှင်းပြပါတယ်။ ကွန်ပြူတာမှာ Hardware, Softwareနဲ့ DTPပိုင်းတွေရှိတယ်တဲ့။(အခုဆိုရင်တော့ Internet Security, Networking စတာတွေပါ ပါလာမယ်) ဘယ်အပိုင်းကို စိတ်ဝင်စားတုန်းတဲ့။ ဒါနဲ့ပဲ အရမ်းတော်တဲ့ ကျွန်တော်က အကုန်လုံးစိတ်ဝင်စားတယ် ဆိုပြီး အကုန်လျှောက်တတ်ပေမယ့် ဘယ်ဟာမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာပါဘူး။

Programming နဲ့ ပတ်သက်ပြီး ပထမဆုံး အဆင်ပြေပြေဖြစ် သွားတာတော့ အမေကကွန်ပျူတာ ၀ယ်ပေးတော့မှ သူငယ်ချင်းတွေနဲ့ Pascalပရိုဂရမ်တွေ စမ်းရင်းသပ်ရင်းနဲ့ပါ။ စာလုံးလေးတွေကို သူ့ဘာသာသူ ဟိုကထွက်လာလိုက်၊ ဒီကထွက်လာလိုက်ဖြစ်အောင် ရေးကြတာ။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း စတိုးဆိုင်ပရိုဂရမ် အသေးစားတွေ၊ စားသောက်ဆိုင်၊ ၀န်ထမ်းလစာစတာတွေကို တစ်ခုပြီးတစ်ခု ရေးပါတယ်။ ဒီလိုနဲ့ အင်ဂျင်နီယာလိုင်း လျှောက်ဖို့ ဖောင်တွေတင်လို့ ရပြီဆိုတော့မှ ကျောင်းတက်ရမှာက ကြို့ကုန်းမှာ မဟုတ်ဘူး။ သန်လျင်မှာတဲ့။ သွားပြီ။ ကျွန်တော်မက်ခဲ့ဖူးတဲ့ အိပ်မက်တိုင်လုံးကြီးတွေ ပြိုကျသွားပါပြီ။ အဲဒီမှာ ကျွန်တော်နားလည်လိုက်တာက ငါတက်ချင်တာ YITဆိုတဲ့ ကျောင်းပဲ ဖြစ်တယ်။ အင်ဂျင်နီယာ ဖြစ်ချင်တာမဟုတ်ဘူးဆိုပြီး ကွန်ပျူတာလိုင်းမှာ ကျင်လည်နေပြီဖြစ်တဲ့ ကျွန်တော်က အဲလိုတွေးပစ်လိုက်တယ်။ ပရိုဂရမ်မာ ဖြစ်ချင်တာဆိုပြီး အကိုရှိတဲ့ စင်္ကာပူမှာ ကျောင်းတက်ဖို့ စလုပ်ခဲ့ပါတော့တယ်။ (အပြောင်းအလဲက အဲဒီလိုမြန်ပါတယ်)

Temasek Polyမှာ ကျောင်းလျှောက်တော့ ITဆိုပြီး လျှောက်လိုက်ပေမယ့် နောက်ဆုံး ရလာတော့ Electronicပါတဲ့လေ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်တော်တတ်ချင်တာ ကွန်ပျူတာလေ။ အဲဒီ Electronicဆိုတာကြီးမဟုတ်ဘူး ဆိုတော့ ကျောင်းက တာဝန်ရှိသူတွေက Second Yearမှာ Computer Engineeringဆိုတဲ့ courseကို ပြောင်းလို့ ရတယ်တဲ့။ ဒါနဲ့ပဲ ကျွန်တော် အင်တာနက်ပေါ်က HTMLတွေကို လေ့လာရင်း၊ Websiteတွေ ကိုယ့်ဘာသာလုပ်ရင်း၊ V=IRတို့၊ 1+1=10တို့နဲ့ ၁နှစ်တာ နှစ်ပါးသွားခဲ့တယ်။ ဒါပေမယ့် Programming Subject၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ subjectတွေမှာပဲ အမှတ်ကောင်းပြီး တခြားMajor Subjectတွေမှာ အမှတ်နည်းခဲ့တဲ့ ကျွန်တော် အဲဒီ Computer Engineeringဆိုတဲ့ Courseကို မတက်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ Electronicနဲ့ ဒီပလိုမာရပေမယ့် အလုပ်ကိုတော့ ကွန်ပျူတာနဲ့ ပတ်သက်တာတွေချည်းလိုက်ရှာမိတယ်။ ကျောင်းပြီးအလုပ်ရတော့ ကွန်ပျူတာဆိုင်မှာ။

ITပိုင်းကို လိုက်ကြည့်၊ အလုပ်လည်း တကယ် လျှောက်ကြည့်တော့မှ အရမ်းတိုးတက်ပြောင်းလဲတာ မြန်နေတဲ့ ITလိုင်းဟာ ကျွန်တော်နဲ့ လားလားမှ မဆိုင်တော့သလိုဖြစ်နေပါပြီ။ အလုပ်ရှင်တွေက ရေးစေချင်တဲ့ ဆော့ဝဲလ်တွေကို ကျွန်တော်မသိသလို၊ ကျွန်တော်လုပ်တတ်တာတွေကို လည်း IT Companyတွေက မလိုပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ အခုလက်ရှိလုပ်နေတဲ့ Engineering Companyမှာ အလုပ်ရခဲ့တယ်။ တချိန်တည်းမှာ ကျွန်တော်သဘောပေါက် သွားတာတော့ အင်ဂျင်နီယာလိုင်းမှာ ကျွန်တော်တော်တော် အဆင်ပြေနေပြီဆိုတာပါပဲ။ (စက်တွေကိုင်ရတာဆိုတော့ အင်ဂျင်နီယာပိုင်းဖြစ်ပြီး စက်တွေ ထိန်းချုပ်တာ ကွန်ပျူတာတွေနဲ့ ဆိုတော့ ကွန်ပျူတာပိုင်းလဲပါတာပေါ့။) နောက်တစ်ခုက မဂျစ်ဆီမှာ တင်ဖူးတဲ့ the world without engineers ဆိုတဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်ဆီက ရလိုက်တဲ့အခါ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်စိတ်တွေက ပိုပိုပြီး တိုးပွားလာခဲ့တာပါ။ အင်း . . . သေချာပါတယ်။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်ဖြစ်နေပြီ ဆိုတာလေ။

7 comments:

wei said...

yap!
lil engineer pop!

N3 said...

lil engineer လို့  ပြောလို့ ရမယ် မထင်ပါဘူး။ ဟုတ်တယ်မဟုတ်လား ကိုဇင်ကိုလတ်။ ခုတလော ၀လာတယ်မဟုတ်လား။ ဒီလိုပဲ စိတ်ချမ်းသာတဲ့သူတွေကတော့ အမြဲ ၀လို့ လှလို့ ဖြစ်နေမှာပေါ့လေ။

ဂျစ်တူး - gyit_tu said...

း) တို့လည်း Pascal သင်ခဲ့ရတာ ။ ခုတော့ C, C++ တွေ များပြားလွန်းနေတာ ၊ မလိုက်နိုင်တော့ဘူး ။

တကယ်တော့ ကျောင်းသားအရွယ်မှာ ၊ တကယ်ပဲ ကိုယ်ဝါသနာပါတာ သိပ်မသိကြဘူး ။ အမဆိုလည်း ကျောင်းတုန်းက specialization ယူထားတာနဲ့ ၊ အခုတကယ်လက်တွေ့ လုပ်နေတာ ၊ မတူဘူးလေ ။ အလုပ်လုပ်ရင်းမှ ကိုယ်တကယ်ဘယ်ဘက်ကို အားသန်တယ်ဆိုတာ သိလာတာ ။

အင်ဂျင်နီယာစိတ်ထက်သန်တဲ့ အင်ဂျင်နီယာတယောက်ကို တွေ့ ရတာ ၊ ၀မ်းသာပါတယ်း)

Zin Ko Latt said...

wei >> yeah. I m engineer. :)

N3 >> ဟုတ်တာပေါ့ မမြနေနေနိုင်။ ၀လို့ လှလို့ပဲ။ ဒါနဲ့ နင် ပျောက်လှချည့်လား။ ဘာတွေရှုပ်နေတုန်း။

ဂျစ်တူး >> ဟုတ်တယ်။ အားသန်တာကိုလုပ်၊ လုပ်ရင်းနဲ့ အားသန်။ ဒီလိုပါပဲ . . .။

နေဘုန်းလတ် said...

မင်း RIT ကတိုင်လုံးကြီးတွေကို မြင်မြင်နေတာ အခြားအကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်။

demo said...

အင်ဂျင်နီယာကြီး.. ဒီပို့စ်က တကယ်ဖတ်လို့ကောင်း၏.. =)

Zin Ko Latt said...

မြို့စားကြီး >>> ပြော... ဘယ်အကြောင်းတုန်း။

ဒီမို >>> အင်း...ကောင်းတယ်ဆိုလို့ ကျေးဇူး။