Wednesday, December 19, 2007

မှောင်နေတဲ့ အလင်းရောင်

အဲဒီ နံနက်ဦးမှာပေါ့... စံပယ်တွေ အကြိမ်ကြိမ်ဖူးလို့ အိပ်မက်တွေ ရူးခဲ့ရတာ။ ချစ်သူအကြောင်းတွေ တွေးမိတိုင်း စိတ်ကူးတွေ မြူးလို့ အလွမ်းတွေ မူးခဲ့ရတဲ့ ကောင်ဟာ ကိုယ်ပါ။ ငါ့ရဲ့ ကြက်တူရွေးမလေး သဒ္ဒါရေ... ဆောင်းညအေးအေးမှာ ဆောင်းလေဖြည်းဖြည်းနဲ့ ဆောင်းလကလေးကို မျှော်ငေးမိတာကိုက စမှားခဲ့တာပါ။ အိုဘယ့်. ဒီဇင်ဘာရေ ... နှင်းငွေ့ခြုံတဲ့ ကောင်မလေး မင်းရင်ခွင်ထဲက မွေးထုတ်ပေးလို့ သူဆိုတဲ့ တေးသံစဉ် ရင်တစ်ခုလုံး ဖိတ်စင်သွားတယ်။ မျိုးကြော့မြိုင်ကြိုက်တယ်ဆိုတဲ့ ငါ့ရဲ့ နတ်မိမယ်လေး သဒ္ဒါ . . . “မင်းကို ချစ်တဲ့ ဒီနှလုံးသားရယ်”လို့ ထပ်ကာ ထပ်ကာ ဆိုပြပါဦးလားကွယ်။

ဘာကို ချစ်တာလဲလို့ ချစ်သူက မေးတိုင်း စကားလုံးတွေ ထုံထိုင်းသွားကြတာ ဘာလို့လဲ။ ကိုယ်ချစ်တာ မင်းရဲ့ စံပယ်တင် မှဲ့လေးပါလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ သွားတက်လေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မျက်နှာ ၀ိုင်းဝိုင်းလေးလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မဲ့ပြုံးလေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ စကားသံလေးတွေလို့ ပြောရင် ယုံမှာလား။ ဒါတွေ အကုန်မပါလည်း ချစ်ဦးမှာပဲလို့ ပြောရင်ကော ယုံဦးမှာတဲ့လား။ တစ်ယောက်က တစ်ယောက်ကို မယုံကြည် “ကျွန်တော် တကယ်ချစ်ပါသည်” လို့ အခါခါ သစ္စာတိုင်တည်ပြီး ပြောပေမယ့် မင်းကတော့ နောက်တစ်ယောက်ကိုလည်း ဒီစကားပဲ ပြောဦးမှာမဟုတ်လားလို့ ဘာကြောင့် ထင်ရတာလဲ အစုတ်ပလုတ်မလေး မိသဒ္ဒါ။

တကယ်တော့ ကိုယ်ဟာ စင်္ကာပူဆိုတဲ့ တိုင်းပြည်သေးသေးလေးမှာ မြန်မာဆိုတဲ့ လူမျိုးကြီးကြီးအတွက် လိုအပ်ရင် လိုအပ်တဲ့ နေရာက လုပ်ကိုင်နေတဲ့ အုတ်တစ်ချပ်ပါ။ Myanmar Bloggers Societyကို ချစ်ပြီး လမ်းပြကြယ်ကို တည်ထောင်လို့ ပြည်ပရောက် မျိုးချစ်မြန်မာများကို ကူညီကာ TPmyanmarကို သံယောဇဉ်ရှိဆဲ သံလွင်အိပ်မက်တွေ အမြဲမက်ခဲ့သူဟာ ကိုယ်ပါ သဒ္ဒါ။ ဒါတွေကြောင့်ပဲ အသည်းကွဲခဲ့ရတယ်ဆိုတာ မင်းမပြောပေမယ့် ကိုယ်သိပါတယ် မြတ်နိုးရသူလေး သဒ္ဒါရေ။ မည်သူတစ်ဦးတစ်ယောက်ကမှ ချစ်သူက အချိန်ပေး၊ ဦးစားပေး၊ အလေးပေးမခံချင်တဲ့သူ မရှိဘူးဆိုတာ ကိုယ်သိပါတယ်ကွယ်။ နောက်ဆုံးတော့လဲ စနေနေ့တစ်နေ့ အစိမ်းရောင် မုန်တိုင်းနဲ့ တွေ့ခဲ့ရတာပါပဲ။

သက်တော်စောင့်လေး မိသဒ္ဒါရေ... လမင်းကို တမ်းတ၊ နမ်းခွင့် ဘယ်တော့မှ မရနိုင်တော့မယ့် ကြယ်ဟာ ကိုယ်ပါ။ ချစ်ဖို့အတွက် အချိန်မကျသေးဘူးဆိုတဲ့ စကားလုံးကြားမှာ အနူးညံ့ဆုံး ကျရှုံး ခဲ့ရပါပြီ။ မင်းကတော့ ရည်မှန်းချက်တွေ ပြည့်ဝ အလုပ်တစ်ခုရလို့ လှလှပပ ဘ၀တစ်ခုကို စတော့မယ်ပေါ့လေ။ ရပါတယ် မိသဒ္ဒါ၊ လွမ်းလွမ်းဆွေးဆွေး စိတ်တွေ လေးနေရမယ့် အရွယ်မှ မဟုတ်တော့ပဲကွယ်။ တမ်းတမ်းတတ ချစ်ခွင့်ရဦးမလားလို့ မျှော်လင့်ခြင်းအလင်းရောင် ငါ့အခန်းထဲမှာတော့ မှောင်နေတယ်။ အင်း မင်းကြားချင်မှာ မဟုတ်ပေမယ့် ထပ်ပြောခဲ့ပါ့မယ်။ မင်း . . . ကို . . . . သိပ် . . . ချစ် . . . တယ်။

8 comments:

N3 said...

တကယ်ခံစားနေရတာလား။ လူမှု့ရေးတွေ ၊ ကိုယ်ဝါသနာပါတာတွေလုပ်ရင်း တစုံတစ်ယောက်အတွက် သီးသန့် အချိန်တွေ မပေးနိုင်ခဲ့ဘူးဆိုရင် ဒီလိုဒီလိုတွေ ကြုံနိုင်တယ် ဆိုတာလေးကို ကြိုတင်တွေးပြီး Essay တစ်ခုအနေနဲ့  ချရေးကြည့်တာလား။

ကံကောင်းပါစေ။

Pinkgold said...

WOW!! ကိုဇင်ကိုလတ်ကြီး မိုက်တယ် ခံစားချက်တွေ ပြင်းထန်နေလိုက်တာနော်..

Ma Moe said...

ST.. can I suggest you one thing? you better stay away from NN & ZC if you don't want to change your life style :-)

MELODYMAUNG said...

Wow! C2

Very nice essay with romantic feeling

Is it real story?

တနားပါဒယ် :P

ဂျစ်တူး - gyit_tu said...

ဖီလင်တွေတက်နေပြီ .. အချစ်အပူချိန်တွေ တက်နေပြီ .. ဆေး ဆေး.. ဆေးလိုနေပြီ ဟဲဟဲ ။

ရေးထားတဲ့စာသားတွေက ရင်ဘတ်ထဲကမှန်း သိသာပါတယ် ။ အဆင်ပြေပါစေ ။

Zin Ko Latt said...

N3 - နောက်မှ တိုးတိုးလေး ပြောပြမယ်နော်။

Pinkgold - ဒါ အပျော့စားခံစားချက်လေးပဲ ရှိသေးတယ်။ အဟီး

Ma Moe - Yeah, they really made me to change my mind. haha. Anything thanks for your reminder. :)

MelodyMaung - :)

ဂျစ်တူး - အင်း Jack Danial တစ်လုံးလောက်။ အဟီး။ အကြောင်းရှာနေတာ။ :P

ခွန်မြလှိုင် said...

ဒီလောက် အလုပ်တွေ များပြီး မအားတဲ့ တယ်ရင်းကြီး လာချင်တာ လာခဲ့ဟာ.. ခရီးထွက်တာ အပန်း ပြေတယ်ဟဲ့.. ငါ နောက်လ ဇန်န၀ါရီထဲ (ပလူတိုဂြိုလ်ရဲ့ ဂြိုလ်ရံလ မဟုတ်ပါ) နင်တို့ အတွက် အားအောင် ကြိုပြီး schedule ဆွဲထားပါ့မယ် ရောက်မယ့် အပတ်တော့ ကြိုပြောဟ.. အရေးကြီးတာက နင်တို့ လာမယ့် အချိန်က peak season ကြီးမို့ ဟိုတယ်ကို ၃ပတ် အလိုက ကြိုငှားတာ မဟုတ်ရင် ငါ့အိမ်မှာ အိပ်နေရ လိမ့်မယ်။ အိပ်ခန်း တစ်ခန်းနဲ့ မွေ့ယာ ခေါင်းအုံးနဲ့ ပစည်းတော့ အစုံ အပို ရှိပါတယ်ဟာ.. ကုတင်နဲ့တော့ အိပ်လို့ ရဘူးပေါ့ အဟဲ.. ဒါလေးတော့ အားနာတယ်။

Anonymous said...

Good luck!If you do care about her one day she will understand you.I hope god bless you and i would see you guys together.Bro love is more than just a game for you guys.All the best