Friday, December 19, 2008

ကလေးလေးတစ်ယောက်လိုတော့ . . .

ကျွန်တော့်ဝါသနာတွေထဲက တစ်ခုဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်းဟာ နက်နဲတဲ့ ပညာရပ်တစ်ခုပါ။ လေ့လာမယ်ဆိုရင် ရှုခင်းပုံ၊ လူပုံ၊ အနီးကပ်ပုံ၊ မင်္ဂလာဆောင်ပုံ၊ ညရှုခင်း၊ အားကစား၊ သတင်းဓါတ်ပုံ စသည်ဖြင့် အများကြီးဆိုမှ အများကြီးပါပဲ။ အဲဒီအထဲကမှ ကလေးဓါတ်ပုံလေးတွေကို ရိုက်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းသလို၊ အရမ်းလဲပျော်ဖို့ကောင်းပါတယ်။ ကလေးတွေရဲ့ အဓိကထူးခြားချက်ကတော့ ဟန်ဆောင်မှုကင်းမဲ့တာ၊ အပြစ်ကင်းတာဖြစ်ပါတယ်။ သူတို့ တစ်ခုခုကို အရမ်းစိတ်ဝင်စားနေရင် စူးစမ်းချင်တဲ့စိတ်၊ သိချင်တဲ့စိတ်တွေက မျက်နှာမှာ အပြည့်၊ ပျော်နေပြီဆိုရင်လည်း ဒီအတိုင်းပဲ။


ဒီပုံကတော့ မလေးလူမျိုး Projectမန်နေဂျာရဲ့ သားလေးပုံပါ။ ကုမ္ပဏီရဲ့ မိသားစုတွေ့ဆုံပွဲနေ့၊ မျက်လှည့်ဆရာမျက်လှည့်ပြနေတာကို စင်ပေါ်အထိတက်ပြီး စိတ်ဝင်တစား စူးစမ်းလေ့လာနေတဲ့ပုံပါ။


ဒါကတော့ ကျွန်တော့်အထက်က မန်နေဂျာရဲ့ သားပါ။ အဲဒီ မန်နေဂျာမင်္ဂလာဆောင်တုန်းကတောင် သူ့ရဲ့Brotherအနေနဲ့ လိုက်ပြီး ကူညီခဲ့တယ်။ အခုတော့ သူ့သားလေးတောင် ဒီအရွယ်ရောက်နေပါပြီ။


ညီညီတို့ မင်္ဂလာဆောင် စုံတွဲပုံတွေ စင်တိုဆာမှာ သွားရိုက်တုန်း မိုးတွေရွာလာပါတယ်။ ဒါနဲ့ပဲ ညီညီတို့ စုံတွဲရယ် ကျွန်တော်ရယ် နေဘုန်းလတ်ရယ် မိုးခိုနေတုန်း ဟိုဖက်ဝိုင်းက ကောင်မလေးကို စရင်းနောက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ ဘာလူမျိုးလဲတော့ မသိဘူး။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ဒါကလည်း ကုမ္ပဏီမိသားစုတွေ့ဆုံပွဲမှာ ရိုက်ထားတာပါပဲ။ Asia Pacificရဲ့ မန်နေဂျာသားလေးပါ။ ဖအေတူသားလေးပါ။ သူလည်း စင်ပေါ်ကို ပြေးပြေးတက်ပါတယ်။

အောက်ကပုံတွေကတော့ သံလွင်အိပ်မက်မှာ ပါခဲ့ဖူးတဲ့ ကျွန်တော်ရိုက်တဲ့ ဓါတ်ပုံတွေပါ။


အရင်တုန်းက သံလွင်အိပ်မက်က ဦးစီးပြီး သုံးလတစ်ခါ ရန်ကုန်အနီးတ၀ိုက်မှာရှိတဲ့ ဘုန်းတော်ကြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အလှူသွားသွားလုပ်ဖြစ်ပါတယ်။ တောင်ဒဂုံမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို နေဘုန်းလတ်နဲ့ ကျွန်တော်သွားလှူခဲ့တယ်။ အဓိကတော့ စာအုပ်ခဲတံ၊ စတဲ့ စာရေးကိရိယာတွေနဲ့ ငွေသားနည်းနည်းလှူခဲ့ပါတယ်။ ဘုန်းကြီးနဲ့ နေဘုန်းလတ်နဲ့ စကားပြောနေတဲ့အချိန် ဘေးမှာထိုင်နေတဲ့ ကျောင်းသားလေးတွေကို အမှတ်တရရိုက်ခဲ့တာပါ။


ဒီပုံကိုဘလော့ခ်မှာ အရင်တုန်းကလည်း တစ်ခါ တင်ဖူးပါတယ်။ ရန်ကုန်ကို ၂၀၀၅လောက်က ပြန်တုန်း တိရိစ္ဆာန်ရုံမှာ မြောက်ဥက္ကလာ မူလတန်းကျောင်းတစ်ကျောင်းက ဆရာမတွေနဲ့ ကျောင်းသားလေးတွေ လာကြတာကို တွေ့ရတယ်။ အဲဒီထဲက သနပ်ခါးပါးကွက်ကျားနဲ့ ပြုံးပျော်နေတဲ့ကောင်လေးရဲ့ ပုံပါ။

Thursday, December 18, 2008

သံချေးခွာခံရတဲ့ ဘလော့ခ်

ဘလောခ့်မှာ ဘာမှ မတင်ပေမယ့်လည်း အမြဲ လာဖတ်ကြတဲ့ ကျွန်တော်နဲ့သိတဲ့သူတွေရော မသိတဲ့လူတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ဟိုတလောက ဘလော့ခ်ကို ကိုယ့်ဘာသာကိုယ် ရေးချင်စိတ်မရှိတာနဲ့ ခဏပိတ်ထားလိုက်တဲ့အချိန်မှာ တခုတ်တရနဲ့ လှမ်းမေးကြတဲ့လူတွေကို ပိုလို့တောင် ကျေးဇူးလည်းတင် အားလည်း နာမိပါသေးတယ်။ တကူးတက ဖုန်းဆက်ပြီးမေးတဲ့သူတွေဆို ဒီဘလောခ့်ကို လာတောင်ဖတ်ဖူးရဲ့လားလို့ ထင်မိတာ သူတို့က “ဘလော့ခ် ဘာဖြစ်သွားတာလဲ၊ Hackခံလိုက်ရတာလား။” ဘယ်လိုလုပ်မလဲ အစရှိသဖြင့် ၀ိုင်းပြီး မေးတဲ့အချိန် တော်တော်အံ့သြမိတယ်။ ငါဘာမှ မရေးတဲ့ ဘလော့ခ်အစုတ်ပလုတ်လေးကို ဒီလောက် လူတွေလာလာဖတ်နေကြသေးတယ်ဆိုတာ သိလိုက်ရလို့ပါ။ ဘလော့ခ်မရေးဖြစ်တဲ့ အဓိက အကြောင်းအရင်းက အလုပ်တွေ ရှုပ်နေလို့လား။ ဒီစကားက တ၀က်လောက်ပဲ မှန်တယ်။ ဇင်ကိုလတ် အလုပ်ရှုပ်တာကတော့ အမြဲတမ်းပဲ။ တရက်ကို တစ်ပိုစ့်လောက် ပုံမှန်တင်ဖြစ်တုန်းကလည်း ဒီလောက်ရှုပ်တာပဲ။ အခုလဲ ဒီလောက်ရှုပ်တာပဲ။

ဘလော့ခ်မရေးဖြစ်တဲ့အထဲမှာ ရေးဖို့ကို နည်းနည်းစိတ်ပျက်နေတာကြောင့်လဲ ပါတယ်။ တချို့လူတွေက ဘလော့ခ်တွေကို လိုက်ဖတ် အားအားယားယား ပြဿနာတွေလိုက်ရှာ။ ထောင်ထဲရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ဆီဗုံးမှာတောင် ဟိုဟာဝင်အော် ဒီဟာ ၀င်အော်နဲ့။ သူတို့ အဲဒီလောက် အချိန်တွေ ပိုနေရင် ကျွန်တော်နဲနဲလောက်လိုချင်သေးတယ်။ အင်တာနက်ပေါ်တက်လိုက်ပြီဆိုတာနဲ့ သတင်းတွေဝင်ဖတ်၊ စင်္ကာပူက ဓါတ်ပုံဖော်ရမ်ဖြစ်တဲ့ Clubsnapမှာ ဘာထူးခြားတာတွေရှိလဲ ၀င်ကြည့်၊ သူငယ်ချင်းတွေရဲ့ ဘလော့ခ်တွေလိုက်ဖတ်ဒါတွေနဲ့ပဲ အချိန်က ဘယ်လိုကုန်လို့ကုန်မှန်းတောင်မသိဘူး။

အရင် အလုပ်ထဲမှာ အားရင် အားသလို ဘလော့ခ်ရေးဖြစ်တယ်။ ဒါပေမယ့် အခုကျတော့ အပြင်မှာ အလုပ်တွေရှားနေတာကို အကြောင်းပြုပြီး ဒီကောင်တွေတော့ အလုပ်မထွက်လောက်ဘူးလို့ မန်နေဂျာက ထင်တယ်နဲ့တူတယ်။ အလုပ်တွေ ဖိခိုင်းနေတာပဲ။ ပြီးတော့ နှစ်ကုန်ခါနီးဆို ထုံးစံအတိုင်း Appraisalလုပ်ရတာနဲ့ Goal settingတွေလုပ်ရတာနဲ့။ Appraisalလုပ်တော့ ထုံးစံအတိုင်း ၂၀၀၈မှာ အလုပ်လုပ်တာဘယ်လိုနေလဲ၊ ဘာတွေလိုအပ်လဲ နှစ်တိုင်းဒါပဲ။ သိပ်တော့မထူးပါဘူး။ Goal Settingကျတော့လဲ ဒီအတိုင်းပဲ ဒီကုမ္ပဏီမှာ လုပ်နေတာ ငါးနှစ်လောက် ရှိတော့မယ်။ ဘာကို ထပ်ပြီး လုပ်ရဦးမှာလဲ။ မနှစ်ကလဲ ကြိုးကြိုးစားစားနဲ့ တာဝန်ကို ဒီထက်ပိုကျေအောင် လုပ်မယ်။ ဒီနှစ်လဲ ဒါပဲ။ Appraisalမှာ မန်နေဂျာကို နောက်နှစ်ရမယ့် Bonusအကြောင်းမေးတော့ Bonusကို မမေးနဲ့တဲ့ အလုပ်မပြုတ်ရင်ပဲ တော်လှပြီတဲ့။ ကောင်းရော။

Thursday, November 20, 2008

၂၉နှစ်ပြည့်လား ပိုစ့်၂၀၀မြောက်လား

အပေါ်ကိုမော့ကြည့်လိုက်တော့ ဆောင်းဦးပေါက် လတစ်စင်း ကောင်းကင်မှာ စီးဆင်းနေတယ်။ မဟုတ်သေးဘူး။ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ မည်းညစ်ညစ် သမိုင်းကြောင်း အလှည့်အပြောင်းများစွာနဲ့လေ။ ဒါဏ်ရာဆိုတာ ပျောက်ဖို့လွယ်ပေမယ့် အမာရွတ်တွေကတော့ အခုအချိန်ထိ ရှိတုန်း။ တာရာမင်းဝေစကားနဲ့ ပြောရရင်တော့ လောကမာယာဆိုတာ အတီးခံရတဲ့ ဗုံတွေပါပဲ။ အသံမထွက်တာက လွဲလို့ပေါ့။ ရပ်ကွက်ထဲက လူတွေပြောတာတော့ “လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲ”တဲ့။ အင်း . . . ကိုယ့်သမိုင်းကိုယ်ရေးရင်း ရာဇ၀င်တွေ ရိုင်းအောင် လုပ်နေတဲ့သူတွေကိုတော့ မုန်းမိတာအမှန်ပဲ။ ထားပါ . . .။ ကံတရားဆိုတာ ပန်ကန်ပြားလို ၀ိုင်းဝိုင်းလေးပါ။ တချိန်သူ့ကံသူ့ဟာသူ အကျိုးပေးလိမ့်မပေါ့။ ပြောရင်းနဲ့ အရှေ့ကို လှမ်းကြည့်မိတယ်။ ၀ိုးတ၀ါး၊ တကယ့်ကို ၀ိုးတ၀ါး။ အင်း မြူနှင်းတွေနဲ့ အုံ့မှိုင်း အရိုးပြိုင်းပြိုင်း ညနေအိုတို့ ဖယ်ကြ။ သွားကြ။ ငါ့လမ်းကို ငါဖောက် ငါ့ဘာသာ ငါ ဆက်လျှောက်မယ်။ မသေချာမှုတွေများတဲ့ ဒီလောကကြီးမှာ သေချာတာတစ်ခုကတော့ မင်းကိုကိုယ်သိပ်ချစ်တယ်လို့ ၁၀တန်းကျောင်းသားဘ၀တုန်းက ပြောခဲ့ဖူးတယ်။ အင်း . . ရယ်တော့ ရယ်ရသား။ အဲဒီသေချာမှုတွေက တော်တော်များခဲ့တာကိုး။ အဖေကတော့ မှာဖူးတယ်။ အသက် သုံးဆယ်မကျော်စေနဲ့တဲ့။ ဖေဖေရေ . . နောက်နှစ်ဆို သုံးဆယ်ပြည့်တော့မယ်။ အဲဒီတော့ သုံးဆယ်လား။ သုံးဆယ့်တစ်လား။ အင်း. . . ဒါမှမဟုတ် မနက်ဖြန်လား၊ သန်ဖက်ခါလား။ သေချာတယ် . . အခုထိတော့ လွတ်လပ်ခြင်းတို့ကို ခုံမင်နေတုန်းပဲလေ။ နောက်ဆုံး အောက်ကို ငုံ့ကြည့်လိုက်တယ်။ ငါ့ခြေထောက်တစ်စုံ . . . ညအိပ်ရာဝင်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ သင်ဒီနေ့ ဘာလုပ်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ပညာ၊ ပိုက်ဆံ၊ ဒါမှမဟုတ် ကုသိုလ်တစ်ခုခုရခဲ့သလား။ မရခဲ့ရင် မနက်ဖြန် ဘာရအောင် လုပ်မလဲ။ အင်း . . . ငါလိုချင်တာအဲဒီအတွေးတွေ မဟုတ်ဘူး။ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တုံးကနဲ အိပ်ပျော်သွားခြင်းတစ်ခုပဲ ဖြစ်ပေတယ်။ အောက်ကိုထပ်ငုံ့ကြည့်မိတယ်။ ငါ့ ခြေထောက်တစ်စုံက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ . . . ။ ငါရပ်တည်ခြင်း ၂၉နှစ်ပြည့်အတွက်ပေါ့။

ဘလော့ခ်Readerဘ၀ကနေ ဘလော့ခ်လောကကို ရောက်တဲ့အချိန် ဘန်းစကားတွေ လန်းနေခဲ့တယ်။ ဒါမှမဟုတ် ဘာကြောင့် ဘလော့ခ်ရေးဖြစ်လဲ စဉ်းစားတုန်းဘလော့ခ်တွေခေတ်ကို ရောက်ခဲ့တယ်။ နှလုံသားတစ်ခုအလုပ်ပြုတ်သွားတဲ့ အချိန်မှာ သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်ကို သမ္မတအဖြစ်ရွေးကြလိမ့်မယ်။ ကျွန်တော်စားချင်သော အစားအစာများမှာ ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံလား၊ ၂၀မိနစ် ကာလသားချက်လား၊ မြောင်းမြက ဒယ်လေးခေါက်ဆွဲလားဆိုတာကိုမသိခင် စားနေကျဖြစ်တဲ့ ဘလော့ခ်ဂါရဲ့ ညနေစာကိုပဲ စားသုံးခဲ့တယ်။ စုံတွဲလေးသွားကြည့်သင့်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စုံတွဲသွားမကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ဖြစ် လူသတ်သမချောချောလေးတွေကတော့ မိုက်တာသေချာတယ်။ အခုရေးနေတဲ့ စာဟာ မော်ဒန်ဆိုတဲ့အနုပညာလား။ မဟုတ်သေးဘူး။ ပြောရမှာတော့ ရှက်ပါတယ်။ ဒါပေမယ့် အခုထိ တာဝန်မကျေသေးဘူးမဟူရာညရဲ့ စက်နှိုးသံကို နားထောင်ရင်းနောက်ဆုံးတော့ မိုးရာသီမှာ ရူးသွားပြီလေ။နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံးဟာ အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်မဟုတ်ပေမယ့် မှောင်နေတဲ့အလင်းရောင်ဖြစ်ပေတယ်။ သြော် . . . ကြိုးပြတ်နေတဲ့ဂစ်တာတစ်လက်ကတော့ အခန်းထောင့်တစ်နေရာမှာ ငြိမ်ကုပ် တိမ်တစ်အုပ်လို လွှင့်မျောရမယ့်နေ့တွေကို စောင့်နေလေရဲ့ . . .။

Tuesday, November 18, 2008

နေဘုန်းလတ်ဆိုတာ ဘယ်သူလဲ

နေဘုန်းလတ်ဟာ ၁၉၉၇ခုနှစ်မှာ အထက(၆)ဗိုလ်တထောင်(ယခင် စိန်ပေါလ်ကျောင်း)မှ ၁၀တန်းအောင်မြင်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာ RIT(ယခု နည်းပညာတက္ကသိုလ် YTU)မှ Civil Engineeringဘွဲ့ကို ရယူခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Constructionတစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၄ခုနှစ်အကုန်ပိုင်းတွင် အလုပ်လုပ်ရင်း ပညာသင်ကြားရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စင်္ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့တယ်။ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ရင်း သံလွင်အိပ်မက်မဂ္ဂဇင်းမှာ အယ်ဒီတာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူက စင်္ကာပူမှာ မပျော် မြန်မာနိုင်ငံမှာပဲ ပျော်တယ်ဆိုပြီး ၂၀၀၆ခုနှစ်မှာ မြန်မာနိုင်ငံကို အပြီး ပြန်သွားကာ ရန်ကုန် ၃၈လမ်းမှာ အင်တာနက်ကဖေးဖွင့်လှစ်ပြီး ကွန်ပျူတာပညာကို လေ့လာခဲ့တယ်။ ရန်ကုန်မှာ ရှိနေစဉ်အတွင်း သံလွင်အိပ်မက်ကသုံးလတစ်ကြိမ်ပြုလုပ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို စာအုပ်၊ စာရေးကိရိယာ၊ ပိုက်ဆံလှူဒါန်းတဲ့အခါ အဓိကနေရာကနေ ဦးဆောင်ပြီးပါဝင်ခဲ့တယ်။

သူက အနုပညာကို စွဲလမ်းမြတ်နိုးသူဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ပုံနှိပ်စာမှာ EDUCATIONဆိုတာကို စာလုံးတစ်လုံးချင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ စံပယ်ဖြူမဂ္ဂဇင်းရဲ့ ပင်တိုင် ဆောင်းပါးရှင်ဖြစ်လာပြီး သူ့ရဲ့စာတွေကို ချယ်ရီမဂ္ဂဇင်းတို့ စင်္ကာပူက ရွှေမြန်မာမဂ္ဂဇင်းတို့မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၀၇ ဖေဖော်ဝါရီလက စပြီး “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်”ဆိုတဲ့ နာမည်နဲ့ ဘလော့ခ်တစ်ခုကို စတင်ရေးသားခဲ့တယ်။ သူက စာရေးတာကိုအဓိက၀ါသနာပါတာဖြစ်ပြီး သူရဲ့ တခြားဝါသနာတစ်ခုဖြစ်တဲ့ ဓါတ်ပုံပညာကို ချပြဖို့အတွက် “အလင်းနဲ့ ရေးတဲ့ ပန်းချီ”ဆိုတဲ့ ဘလော့ခ်တစ်ခုကို ၂၀၀၇ သြဂုတ်လမှာ သူငယ်ချင်းကိုငယ်နဲ့ တူတူလုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက် မြန်မာလူငယ်တွေ ဘလော့ခ်အကြောင်း ပိုမိုသိရှိနားလည်လာဖို့ ပိုစ့်တွေ ရေးသားခဲ့ပြီး ၂၀၀၇ ဧပြီလက စလို့ မြန်မာဘလော့ခ်စာအုပ်ဖြစ်မြောက်ရေးအတွက် အခြားသော မြန်မာဘလော့ခ်ကာများနဲ့ စုပေါင်းပြီး အပြင်းအထန်ကြိုးစားခဲ့တယ်။ အဲဒီစာအုပ်ဖြစ်မြောက်ရေးအတွက် ကြိုးစားရင်း အခြားဘလော့ခ်ကာတွေနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Why do we blog? ဆိုတဲ့ ဘလော့ခ်ကာ Seminarကြီးကို စက်တင်ဘာလ ၁ရက် ၂၀၀၇ခုနှစ်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ (Seminarမှာ နေဘုန်းလတ် ပြောသွားခဲ့တဲ့ အကြောင်းအရာအကျဉ်းချုပ်ကို သူ့ရဲ့ ဘလော့ခ်မှာ သွားရောက်ဖတ်ရှုနိုင်တယ်)



အဲဒီဘလော့ခ်Seminarရဲ့ အကျိုးဆက်အနေနဲ့ မြန်မာဘလော့ခ်ကာတွေကို မြန်မာMediaအများစုရဲ့ စိတ်ဝင်စား အာရုံစိုက်ခြင်းကို အဓိကခံခဲ့ရတယ်။ အဲဒါကြောင့် နေဘုန်းလတ်နဲ့ သူငယ်ချင်းဘလော့ခ်ကာတွေကို ဂျာနယ်နဲ့ ရုပ်မြင်သံကြားက ဘလော့ခ်အကြောင်း အင်တာဗျူး၊ သတင်းစတဲ့ဟာတွေကြောင့် နေဘုန်းလတ်ဆိုတဲ့ နာမည်ကို တဖြည်းဖြည်းနဲ့ လူသိလာခဲ့တယ်။ အဲဒါနဲ့ တပြိုင်နက် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ မြန်မာဘလော့ခ်တွေက အဓိကနေရာကနေ ပါဝင်ခဲ့တယ်။ ချက်ချင်းသတင်းယူ၊ ချက်ချင်းတင်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်၊ ဘယ်သူ့ရဲ့ တည်းဖြတ်ခြင်းမှ ခံစရာမလိုတဲ့ မြန်မာဘလော့ခ်တွေကို နိုင်ငံတကာကနေ စောင့်ကြည့်ခဲ့ကြတယ်။ (အဲဒီအတောအတွင်း နေဘုန်းလတ်ဘလော့ခ်မှာ သူပုံမှန်ရေးနေကြ စာတွေကိုပဲ ပုံမှန်တင်ခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းပေးချက်တွေကို တစ်ခုမှ မတင်ခဲ့ပါ)။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလအတွင်း စင်္ကာပူနိုင်ငံကို အလည်ခဏလာခဲ့တယ်။ သူစင်္ကာပူမှာ ရှိနေတဲ့အချိန်အတွင်း မြန်မာဘလော့ခ်ကာတွေ တွေ့ဆုံတဲ့ပွဲလေး တစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒီနောက် ဇန်န၀ါရီ ၁၆ရက်မှာ ရန်ကုန်ကို ပြန်သွားပြီး နှစ်ပတ်လောက်ကြာတဲ့ ၂၉ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းတာကို ခံခဲ့ရတယ်။ ဘာအကြောင်းပြချက်မှ မရှိပဲ ထိန်းသိမ်းခဲ့ပြီး ၉လအကြာမှာတော့ သူနဲ့အတူတူ သီးလေးသီးအခွေတွေ့လို့ဆိုပြီး လိုင်စင်မဲ့ ဗီဒီယိုလက်ဝယ်ကိုင်ဆောင်မှု ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃နှစ် ၆လ။ အီးမေးလ်ထဲမှာ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ပုံတွေတွေ့လို့ နိုင်ငံတော်ပုန်ကန်မှု ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်။ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့စာ၊ ဓါတ်ပုံ၊ ကာတွန်းတွေပါတဲ့ ဘလော့ခ်တွေကို အီလက်ထရွန်းနစ်နည်းပညာအသုံးပြုကာ ၀င်ရောက်ကြည့်ရှုပြီး တခြားသူတွေပို့ထားတဲ့ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ ပုံတွေကို အီးမေးလ်ထဲက မဖြတ်တဲ့အတွက် အဲဒီဓါတ်ပုံ ပို့တဲ့လူတွေကို ကူညီရာရောက်တယ်၊ အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုပြီး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ထိပါးတယ်ဆိုပြီး ထောင်ဒဏ် ၁၅နှစ်။ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀နဲ့ ၆လကို ၁၁ရက် ၁၁လ ၂၀၀၈ခုနှစ်မှာ ချမှတ်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ နေဘုန်းလတ်ကို ဘားအံထောင်မှာ ချုပ်နှောင်ထားပါတယ်။

နေဘုန်းလတ်၏ သူငယ်ချင်းများက http://freenpl.blogspot.com ဟူသည့် ဘလော့တစ်ခု ပြုလုပ်ထားပြီး ၎င်းနှင့် သက်ဆိုင်သည့် သတင်းများ၊ အမှတ်တရစာများကို အမြဲမပြတ် တင်ဆက်ပေးလျက် ရှိသည်။

နေဘုန်းလတ်အကြောင်းကို CNN, BBCစတဲ့ သတင်းဌာနကြီးတွေက အစ စက်တင်ဘာတော်လှန်းရေးအတွင်း မြန်မာပြည်တွင်းက သတင်းတွေကို အဓိကထားပြီး တင်ခဲ့တဲ့ ဘလော့ခ်ကာဆိုပြီး မှားယွင်းစွာ ရေးသားထားကြတာတွေ၊ တခြားသတင်းဌာနတွေကလည်း ဘယ်ကနေကျောင်းပြီးတာ၊ တချို့ကျတော့လည်း သူ့ဘလော့ခ်က ဘာအကြောင်းကိုအဓိကရေးတာအစရှိသဖြင့် အမှားတွေ တွေ့ရ၊ မြင်ရ၊ ကြားရလို့ ဒီပိုစ့်ကိုတင်ခဲ့ပါတယ်။

Saturday, October 25, 2008

အလုပ်ပြုတ်တဲ့ နှလုံးသား(sg ver)

တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား(Singapore Version)

စာအမှတ် ၈-၀၈ နှလုံးသား။
ယနေ့မှစ၍
"MRT"ပေါ်တွင်
"အထုပ်ဆွဲတော်" တာဝန်မှလည်းကောင်း
"Orchard" လမ်းမပေါ်တွင်
"ထီးတော်မိုး" တာဝန်မှလည်းကောင်း
"Hawker Center" တွင်
"စားပွဲတော်ထိုး" တာဝန်မှလည်းကောင်း
"Peninsula Plaza" တွင်
"သက်တော်စောင့်" တာဝန်မှလည်းကောင်း
"Fair Price"တွင်
"ပစ္စည်းတော်ထမ်း" တာဝန်မှလည်းကောင်း
"HDB" တိုက်အောက်တွင်
"အနမ်းတော်ဆက်" တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
Car တစ်စီး
Condo တစ်ခန်း
Credit Card တစ်ထပ်
Cash နှင့် Carreerကောင်းကောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။

ဇင်ကိုလတ်

(စာရေးဆရာမင်းလူ၏ တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသားကို တိုက်ရိုက်ကူးယူ၍ Singapore Versionအဖြစ် ပြောင်းလဲထားပါသည်။)

Monday, October 6, 2008

ဒီကစောင့်နေသူ မျိုးကြီး Live Show



သွေးနဲ့ ရေးတဲ့ကျောက်စာတွေကို နာမည်ခေါ်သူ ရော့ခ်အဆိုတော် မျိုးကြီးရဲ့ Live Show အခွေကို ကြည့်ချင်နေတာ တော်တော်ကြာပါပြီ။ ဟိုတစ်နေ့ကမှ အလုပ်ထဲမှာ ပျင်းပျင်းနဲ့ Youtubeက မြန်မာကာရာအိုကေတွေ လိုက်ကြည့်ရင်း မျိုးကြီးရဲ့ Live in Yangonဆိုတဲ့ ရှိုးပွဲကို သွားတွေ့တယ်။ ကိုကျော်နိုင်ဝင်းဆိုတဲ့သူတစ်ယောက် တင်ထားတာပါ။ တခွေလုံးတင်တဲ့လူက တင်တော့ ကျွန်တော်ကလည်း တစ်ပုဒ်မကျန်အကုန်ကြည့်လိုက်ပါတယ်။ မျိုးကြီး ပရိသတ်တွေအတွက်တော့ တကယ့်ကို အားရစရာပါပဲ။ ဒီLive Show အခွေထွက်တုန်းက အကြောင်းကို မမေ(Emotional Corner)က တင်ထားတဲ့အတွက် သွားဖတ်လိုက်မိပါသေးတယ်။ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ အပြစ်တစ်ခု ဖန်ဆင်းကို ကျွန်တော့်ဘလော့ခ်မှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီသီချင်းဟာ နောက်ဆုံးသီချင်းဖြစ်ပြီး ၀ိုင်းသိမ်းတဲ့အချိန်ဖွင့်ပေးထားတဲ့ နားနားပြီးပြော နောက်ခံတီးလုံးကို ပရိသတ်က ၀ိုင်းဆိုကြတာကို ကြည့်ခြင်းအားဖြင့် တော်တော်ကို ပျော်ခဲ့ကြတဲ့ပွဲဆိုတာကို သိနိုင်ပါတယ်။ အဲဒီရှိုးပွဲတစ်ခုလုံးကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

Tuesday, September 23, 2008

Super Import Night 08

ယောက်ျားလေးတွေ လည်ပြန်ကြည့်တဲ့အရာတွေထဲမှာ ကားအကောင်းစားတွေနဲ့ ကောင်မလေးချောချောလေးတွေက ထိပ်ဆုံးက ပါတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီအရာတွေကို လည်ပြန်ကြည့်စရာမလိုပဲ အားရပါးရ တ၀ကြီးကြည့်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်တုန်းက Super Import Nightလို့ ခေါ်တဲ့ ကားပြပွဲကို အဖော်ကောင်းတာနဲ့ တစ်ယောက်တစ်ဆယ်ပေးပြီး ၀င်ကြည့်ခဲ့ပါတယ်။ အစောကြီးကတည်းက ကားတွေရော ကောင်မလေးတွေပါ ဓါတ်ပုံရိုက်ဖို့ကြံစည်ထားတဲ့အတွက် အသင့်ပါလာတဲ့ကင်မရာကို မှန်ဘီလူးတပ်၊ Flashတပ်နဲ့ အလုပ်ရှုပ်ပြီး ဘာတွေ့တွေ့အကုန်ရိုက်လိုက်တာ ပုံပေါင်း ၂၀၀လောက် ရိုက်ဖြစ်လိုက်တယ်။ ဒီလိုပွဲမျိုးကို ကွန်ပျူတာပြပွဲမှာ တစ်ခါရိုက်ဖူးပေမယ့် ဒီပွဲမှာ ရိုက်ရတာ ပညာအများကြီး ပိုပါတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ည၁၀နာရီထိုးပြီဖြစ်တဲ့အတွက် အားမရသေးခင်ပြန်ခဲ့ရတယ်။

ကားတွေကို ဓါတ်ပုံရိုက်ရတာ ကောင်မလေးတွေကို ရိုက်ရတာထက်လွယ်ပေမယ့် ကားကြည့်နေတဲ့လူ၊ အပြင်လူ၊ ဖြတ်သွားဖြတ်လာတွေ ဓါတ်ပုံထဲမှာ မပါဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့တယ်။ ဒါပေမယ့် တချို့ကားတွေကို နေရာချထားတာ ကျွန်တော်လိုချင်တဲ့ အကွက်အကွင်းက မဟုတ်လို့ တချို့ကားတွေကို နေရာတောင် ပြောင်းချင်စိတ်ပေါက်မိပါသေးတယ်။



ကားပုံတွေ ပြီးတော့ ကောင်မလေးတွေပုံပါ။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်သွားအောင် စင်္ကာပူက မော်ဒယ်လ်တွေ၊ ပြိုင်ပွဲဘုရင်မ(Race Queen) တွေ အပြင် အမေရိကန်နဲ့ ယိုးဒယားနိုင်ငံတို့က မော်ဒယ်လ်တွေလည်း အများကြီးလာကြပါတယ်။ မော်ဒယ်လ်တွေက ဓါတ်ပုံအရိုက်ခံတဲ့အခါ ကိုယ့်တစ်ယောက်တည်းကို အရိုက်ခံတာ မဟုတ်ပဲ လူအယောက် ၁၀ယောက် ၁၅ယောက်လောက် ၀ိုင်းပြီး ရိုက်ကြတာ ဖြစ်လို့ သူတို့ မျက်လုံး ကိုယ့်ဖက်လှည့်ဖို့ကို အချိန်တော်တော်လေး စောင့်ပြီး ရိုက်ယူရပါတယ်။ View Finderကနေ မော်ဒယ်လ်တွေကို သေသေချာချာစိုက်ကြည့်ပြီး သူတို့မျက်လုံးက ကင်မရာရဲ့ မှန်ပြောင်းတည့်တည့်ကို ရောက်ပြီဆိုတာနဲ့ တပြိုင်နက် . . . အောက်က ပုံလေးတွေ ထွက်လာပါတယ်။

Saturday, September 13, 2008

ZinKoLatt for President?



USက မောင်နှမတွေ ပို့ပေးလာတဲ့ အီးမေးလ်လေးတစ်ခုပါ။ ဟီးဟီး။ ဘာရယ်တော့မဟုတ်ပါဘူး။ အပျော်ပေါ့။

Thursday, September 4, 2008

မဟူရာညရဲ့ စက်နှိုးသံ

CityHall နားတ၀ိုက် Suntec Cityနားတ၀ိုက် ကားလမ်းဘေး တဖက်တချက်မှာ သံတိုင်ကြီးတွေ သံဇကာကြီးတွေ ကာထားလို့ ဘာများလုပ်ဦးမလို့ပါလိမ့်လို့ ကြည့်နေတာ . . . သြော် . . . F1အတွက် လုပ်နေတာကိုးဆိုပြီး သတိရသွားတယ်။ ပုံမှန်အားဖြင့် စင်္ကာပူက လူတွေ F1ကားမောင်းပြိုင်ပွဲကို ကြည့်ချင်ရင် နီးနီးနားနား မလေးရှားမှာသွားကြည့်ကြရတယ်။ ဒီနှစ်တော့ စင်္ကာပူက F1 ပရိသတ်တွေအတွက် အိုးမကွာ အိမ်မကွာ ကြည့်နိုင်ကြပြီပေါ့။ စင်္ကာပူကတော့ လုပ်လိုက်ရင် ထုံးစံအတိုင်း ပထမဆုံး အကောင်းဆုံး အကြီးဆုံး စတာတွေကို ဂုဏ်ယူဝင့်ကြွားချင်လို့ ဒီတစ်ခါလည်း F1ရဲ့ ကမ္ဘာမှာပထမဆုံး ညဖက်ပြိုင်ပွဲတဲ့။

F1, Formula One နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ ရှိလို့ Wikiကြည့်လိုက်တော့ မသိသေးတဲ့ အချက်တော်တော်များများကို သိလိုက်ရတယ်။ Formula Oneဆိုတဲ့ အဓိပ္ပါယ်ဟာ ပါဝင်ယှဉ်ပြိုင်ကြတဲ့သူတွေနဲ့ ကားတွေအားလုံး အတူတကွလိုက်နာကြရမယ့် စည်းကမ်းချက်တွေကို ပြောတာပါ။ တစ်နှစ်တစ်နှစ်ကို Grandprixပြိုင်ပွဲပေါင်း ၂၀နီးပါးရှိပြီး ဒီနှစ်အတွက် ကမ္ဘာတ၀န်းမှာ ၁၈ပွဲရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး Sport တစ်ခုဖြစ်တဲ့ ဒီပြိုင်ပွဲတွေကို ကမ္ဘာတ၀န်းက လူဦးရေ သန်း၅၀ကျော်က စောင့်ကြည့်ကြတယ်။ ဒီနှစ်အတွက် F1ရာသီဟာ Formula Oneရဲ့ ၅၉ကြိမ်မြောက်ဖြစ်ပြီး Melbourneမှာ ၁၆ရက် မတ်လက စလို့ ၂ရက်နေ့ နိုဝင်ဘာ ဘရာဇီးမှာ အဆုံးသတ်ပါမယ်။ F1 ကားတစ်စင်းရဲ့ အလေးချိန်ဟာ အင်ဂျင်၊ ဓါတ်ဆီ၊ ဒရိုင်ဘာအပါအ၀င်ကို ၆၀၀ကီလိုဂရမ်ပဲ ရှိပြီး 360km/h အထိ အရှိန်ပြင်းပြင်း မောင်းနှင်ကြတယ်။



F1ပြိုင်ပွဲတွေအတွက် Permanant Circuitတစ်ခု ဆောက်ဖို့ အတွက်ကို ဒေါ်လာသန်းရာချီ ကုန်ကျပြီး ရှန်ဟိုင်းမှာ ဆောက်ထားတဲ့ Circuitဟာ ဒေါ်လာ သန်း၃၀၀ကုန်ခဲ့တယ်။ ဒါပေမယ့် အခုစင်္ကာပူမှာ လုပ်ထားတဲ့ လမ်းကတော့ နဂိုရှိထားတဲ့ လမ်းကို အသုံးပြုထားလို့ အများကြီးမကုန်ဘူး။ ဒီနှစ်ပွဲမှာ Valencia Street Circuitနဲ့ Singapore Street Circuitစတဲ့ ကွင်းအသစ်နှစ်ကွင်း ပါလာတယ်။ စင်္ကာပူဟာ F1နဲ့ စာချုပ် ငါးနှစ်ချုပ်ထားတာ ဖြစ်လို့ ၂၀၁၂အထိ နှစ်စဉ်နှစ်တိုင်း F1ပြိုင်ပွဲတွေ ရှိနေမှာပါ။
၂၀၁၀ကနေစပြီး အိန္ဒိယပါ ပါဝင်တော့မယ်။ အဲဒီပြိုင်ပွဲဝင် Toyota, McLaren-Mecedes, Ferrariစတဲ့ အဖွဲ့တွေရဲ့ အသုံးစရိတ်ဟာ တစ်နှစ်ကို သန်း၂၀၀လောက် ရှိပြီး အဓိက ပိုက်ဆံပြန်ရတာကတော့ အသံလွှင့်ဌာနတွေဆီကရယ် စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေဆီကရယ် ပြန်ရကြတယ်။



F1 ရဲ့ နာမည်ကြီး ဒရိုင်ဘာ၊ ချန်ပီယံအကြိမ်အရေအတွက် အများဆုံး ရှစ်ကြိမ်နဲ့ စံချိန်တင်ထားပြီး F1လောကမှာ ၁၀နှစ်သက်တမ်းရှိတဲ့ Micheal Schumacherကတော့ F1ကနေ အငြိမ်းစား ယူသွားပြီဖြစ်တဲ့အတွက် ဒီနှစ်ပွဲမှာ မပါဝင်တော့ပါဘူး။ လက်မှတ်ဈေးနှုန်းကလည်း မသေးဘူး။ သုံးရက်စာအတွက်ကို ၁၆၈ဒေါ်လာကနေ ၂၅၈၈ဒေါ်လာတန်အထိ ရှိပြီး နေရာပေါ်မူတည်လို့ လက်မှတ်ဈေးကို အမျိုးမျိုးသက်မှတ်ထားတယ်။ ပွဲကြည့်စင်ပေါ်ကမဟုတ်ပဲ လမ်းမဘေးလူသွားလမ်းတွေကနေ ကြည့်ချင်ရင်တော့ ပထမTestလုပ်တဲ့နေ့မှာ ၃၈၊ ဒုတိယရက် စနေနေ့မှာ ၅၈ဒေါ်လာနဲ့ နောက်ဆုံးနေ့မှာတော့ ၁၀၈ဒေါ်လာပေးရမှာဖြစ်ပါတယ်။ အင်း . . . ထောင်ကျော်ပေးပြီးတော့ ကြည့်နိုင်ဖို့တော့ လမ်းမမြင်ဘူး။ စင်္ကာပူတိုက်မြင့်မြင့်တွေရဲ့ ခေါင်မိုးပေါ်တက်ကြည့်ရင်ကောင်းမလား၊ ဈေးအပေါဆုံးလက်မှတ်ပဲ ၀ယ်ပြီး လမ်းဘေးကကြည့်ရမလား စဉ်းစားရင်း နောက်ဆုံးတော့ အိမ်က TVနဲ့ပဲ ညားတော့မယ်နဲ့တူပါတယ်။

Monday, July 28, 2008

ကြော်ငြာ (၃) TPmyanmar ၁၀နှစ်ပြည့် DVD

video

မတ်လ ၂၂ရက်နေ့က လုပ်သွားတဲ့ TP Myanmar ၁၀နှစ်ပြည့်အမှတ်တရ သင်္ကြန်DVDထွက်ပါပြီ။ တစ်ခွေကို စင်္ကာပူ ၁၅ဒေါ်လာဖြစ်ပြီး ပန်နီဇူးလားပလာဇာ ၅ထပ်က သုံးရောင်ခြယ်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

Tuesday, July 22, 2008

ကြော်ငြာ (၂) အမေ့အိမ်က ထမင်းဝိုင်းတဲ့

ပန်နီဇူးလားပလာဇာမှာ ဆိုင်အသစ်တွေ ဖွင့်တယ်ဆိုလို့ ဟိုတစ်နေ့က ရောက်သွားတယ်။ အရင်ကျွန်တော်တို့ ရောက်စက Food Centerကြီး ရှိတဲ့ ရွှေအင်းလေးရဲ့ဘေး မြေအောက်မှာ။ အဲဒီတုန်းကလည်း မြန်မာဆိုင်လေးတစ်ဆိုင်နဲ့ ရဲရင့်နဲ့ လာဖွင့်လိုက်သေးတယ်။ အခုတော့ အဲဒီဆိုင်က ပန်နီဇူးလားဘေးကို ရောက်သွားပြီး ရဲရင့်ကတော့ သူ့ရဲ့ နဂိုနေရာ သုံးထပ်မှာပဲပေါ့။ ဟိုတလောကတော့ အဲဒီနေရာမှာ အင်္ကျီအ၀တ်အစားအရောင်းဆိုင်ကြီး လာဖွင့်တယ်။ ဘယ်ရောင်းရမှာလဲ မြေအောက်ထဲမှာဆိုတော့။ ဒါနဲ့ပဲ အခုတော့ အဲဒီနေရာမှာ မြန်မာဆိုင်တွေရော ကုလားအစားအစာ၊ တရုတ်အစားအစာ၊ မလေးအစားအစာဆိုင်တွေပါ ဖွင့်လာတယ်။



တခြားဆိုင်တွေ မဖွင့်သေးတာနဲ့ ဖွင့်ထားပြီးပြီ ဖြစ်တဲ့ ရနံ့သစ်ဆိုတဲ့ ဆိုင်မှာ သွားစားဖြစ်တယ်။ ထမင်းနဲ့ ဟင်းကို စင်္ကာပူစတိုင်လ်ပုံထည့်ပေးတာ မဟုတ်ပဲ၊ မြန်မာဆန်ဆန် ပန်းကန်သပ်သပ်နဲ့ ခွဲထည့်ပေးတာ။ အသားနှစ်မျိုး အရွက်တစ်မျိုးဆို သုံးကျပ်၊ သုံးကျပ်ခွဲပဲဆိုတော့ တန်တယ်ဆိုရမယ်။ ထမင်းပန်းကန်တချပ် ဟင်းပန်းကန်သုံးချပ်နဲ့ ငါးပိရည်ကိုလည်း ပုလင်းလေးနဲ့ ကိုယ့်စားပွဲမှာ ယူထားလို့ရတယ်ဆိုတော့ အိမ်မှာ စားရသလိုပဲပေါ့။ အခုနောက်ပိုင်းတော့ ဧရာဝတီဆိုတဲ့ ဆိုင်ကြီးရယ် Mandalay Cafeဆိုလားရယ် နောက်တစ်ဆိုင်ရယ် သုံးဆိုင်တောင် ထပ်ဖွင့်တယ်။ နောက်ကြုံမှ သွားစားကြည့်ရဦးမယ်။

Monday, July 21, 2008

ကြော်ငြာ (၁) သံလွင်အိပ်မက် ၂ဒဿမ၂

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၂)ထွက်ပါပြီ။ ကျွန်တော်ကတော့ ဘာတွေနဲ့ရှုပ်နေမှန်းမသိအောင် အလုပ်များနေလို့ တစ်ပုဒ်မှ မရေးဖြစ်ခဲ့ဘူး။

Sunday, July 13, 2008

ထွက်ပြေးသေဆုံးခဲ့တဲ့ ပညာတတ်အိမ်ဖော်

လွန်ခဲ့တဲ့ သုံးရက်လောက်က ပန်နီဇူးလားပလာဇာရောက်တော့ ညီအစ်ကိုလိုခင်တဲ့ အကိုတစ်ယောက်က “မင်းတို့အိမ်နားမှာ မြန်မာအိမ်ဖော်တစ်ယောက် တိုက်ပေါ်က ပြုတ်ကျပြီး သေသွားတယ်တဲ့။ အဲဒီအကြောင်း စင်းမြန်မာရှေ့မှာ ကပ်ထားတယ်။ အဲဒါ အလှူငွေလေး ဘာလေးထည့်သွားဦး” လို့ပြောတဲ့အတွက် ငါတို့အိမ်နားမှာ ဆိုပါလား၊ ငါလည်း မသိပါလားဆိုပြီး တအံ့တသြနဲ့ စင်းမြန်မာရှေ့ကို ခပ်သွက်သွက်လျှောက်သွားမိတယ်။ သေဆုံးသူမခင်ချိုဦး အကြောင်းရေးထားတဲ့ A2ဆိုဒ် စာရွက်တစ်ရွက်ရယ် တရုတ်သတင်းစာထဲမှာ ပါတဲ့ ပုံတစ်ချို့ရယ်ကို တွေ့မှ ကျွန်တော် ၂၀၀၈ မေလကုန်အထိ သုံးနှစ်တိတိနေခဲ့တဲ့ Woodlandကအိမ်နားမှာ ဖြစ်တယ်ဆိုတာကို သိရတော့တယ်။

သေဆုံးသူ မခင်ချိုဦး BA(History)ရဲ့ သတင်းကို ဒီမှာဖတ်လို့ ရပါတယ်။ ခွေးလည်ပတ်တစ်ခု မျက်နှာသုတ်ပ၀ါ ၅ထည်ကို အသုံးပြုပြီး သုံးထပ်ဝရန်တာကနေ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တယ်လို့ စိတ်မကောင်းဖွယ်ရာ ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ပဲ ပိုက်ဆံအိတ်ထဲမှာ ပါသမျှအကုန်လုံး အလှူခံပုံးထဲကို ထည့်ခဲ့တယ်။ ဟိုတစ်နေ့က အထိတော့ အလှူခံပုံးကို တွေ့ခဲ့ပါသေးတယ်။ လှူချင်တဲ့သူများရှိရင်လည်း သွားရောက်လှူဒါန်းနိုင်ဦးမယ်လို့ ထင်တယ်။

အဲဒါပြီးတော့ အလုပ်သွားဖို့ စောနေသေးတာနဲ့ လမ်းပြကြယ်ကို ခဏ၀င်တော့ နင့်အမတော့ လူမှုရေးအကျိုးဆောင် သွားလုပ်နေလေရဲ့ဆိုပြီး စာကြည့်တိုက်မှာ ထိုင်နေတဲ့ အန်တီကပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အကျိုးအကြောင်းမေးတော့ မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့လို့တဲ့ လူတစ်ယောက်က ခေါ်ပြီး လမ်းပြကြယ်ကို လာပို့သွားတယ်၊ အဲဒီအမျိုးသမီးက သူ့နာမည်ဘယ်သူဖြစ်တယ် အိမ်ဖော်အနေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး စိတ်အရမ်းညစ်လို့ မြန်မာပြည်ပြန်တော့မယ်၊ ကူညီပေးကြပါဆိုပြီး ငိုယိုပြောတယ်လို့ သိရတယ်။ အဲဒါနဲ့ မြန်မာပြည်ပြန်မယ်ဆိုရင် Passportပါလား၊ ဒီမှာ အလုပ်လုပ်ခွင့်ကဒ်(Work Permit)ပါလားဆိုတော့လည်း တစ်ခုမှမပါဘူးတဲ့။ သူ့အိမ်ရှင်ဆီကိုတော့ ပြန်မပို့ပါနဲ့ ငိုယိုပြီးပြောတယ်။

ဒါနဲ့ပဲ လမ်းပြကြယ်က အမကြီးတွေက “အမဆီမှာ Passportမရှိပဲနဲ့ ပြန်ဖို့ မဖြစ်တဲ့အကြောင်း၊ WPလည်း လိုတယ်ဆိုတဲ့အကြောင်း၊ ကျိတ်မှိတ်သည်းခံပြီး Contractပြည့်တဲ့အထိ နေလိုက်ပါဆိုတဲ့အကြောင်း”တွေ ချော့မော့ ပြောပြီး Hougangမှာရှိတဲ့ သူ့နေတဲ့အိမ်ကို ပြန်သွားပို့တယ်လို့ သိရတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒါအပြင်ကို ဘာမှလုပ်ပေးနိုင်လိမ့်မယ်မထင်ဘူး။ ဟူး . . . ကျွန်တော်တို့ ရောက်ခါစက စင်္ကာပူနိုင်ငံရဲ့ မိတ်လို့ခေါ်တဲ့ အိမ်ဖော်ကြော်ငြာတွေမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ လူမျိုးတွေသာ တွေ့ရပြီး ခုနောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်များဆိုတဲ့ ကြော်ငြာတွေ နေ့စဉ်သတင်းစာတွေမှာ တွေ့နေရပါပြီ။ အဲဒီမှာ တစ်ခုပြောလိုတာက ဖိလစ်ပိုင်၊ အင်ဒိုတွေနဲ့ မြန်မာတွေရဲ့ ကွာခြားချက်ကိုပါ။

ဖိလစ်ပိုင်၊ အင်ဒိုလူမျိုးတွေဟာ များသောအားဖြင့် မူလတန်းလောက်အောင်ပြီးရင် အင်္ဂလိပ်စကားကို အတန်အသင့် ပြောနိုင်ဆိုနိုင်ရှိပေမယ့် ကျွန်တော်တို့ဆီမှာတော့ ဆယ်တန်းအောင်(အနည်းဆုံး ၈တန်းအောင်) ရုံလောက်တင်မဟုတ်ပဲ အင်္ဂလိပ်စကားပြော သင်တန်း ဘာညာစတာတွေကို တက်ရောက်ပြီးမှ အင်္ဂလိပ်စကားကို နည်းနည်းပါးပါး ပြောနိုင်ဆိုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ၁၀တန်းအောင်ပြီး အင်္ဂလိပ်လို ပြောနိုင်သူတစ်ယောက်ဟာ သူများနိုင်ငံရဲ့ အိမ်အခိုင်းအစေအဖြစ် လာရောက်လုပ်ကိုင်ဖို့အတွက် တော်တော်မလွယ်ပါဘူး။ (ဒါတောင် မခင်ချိုဦးလို ဘွဲ့ရအိမ်ဖော်များ ဘယ်နှစ်ယောက် ရှိနေပြီလည်း မပြောနိုင်ပါ) အဲ . . . ၁၀တန်းမအောင် အင်္ဂလိပ်လို မတတ်လို့ကတော့ အိမ်ရှင်(အလုပ်ရှင်)နဲ့ ဆက်ဆံရေးဟာ ပြေပြစ်ဖို့ အလားအလာမရှိတော့ပါဘူး။

ကျွန်တော့်သူငယ်ချင်းတွေရဲ့ စလုံးလူမျိုး လုပ်ဖော်ကိုင်ဖက်၊ မန်နေဂျာများဟာ သူတို့ရဲ့ မြန်မာအိမ်ဖော်များကို မှာကြားစရာများရှိရင် မှာကြားနိုင်ဖို့ မြန်မာလို စာများရေးပေးရန် အကူအညီတွေ တောင်းကြတယ်လို့ သိရပါတယ်။ အဲဒီကတည်းက အိမ်ရှင်နှင့် အိမ်ဖော်ဆက်ဆံရေး အခြေအနေကို ခန့်မှန်းလို့ရပါပြီ။ အမှန်အတိုင်းပြောရရင် စင်္ကာပူလူမျိုး အိမ်ရှင်တွေကလည်း ခပ်ဆိုးဆိုးရယ်ပါ။ အိမ်ရှင်က မီးပူ ပူပူကြီးနဲ့ လိုက်ကပ်တာ ခံရလို့ ဆေးရုံရောက်ရှိသွားတဲ့ အင်ဒိုနီးရှား အိမ်ဖော်၊ အန္တရာယ်ရှိတဲ့ နေရာက မှန်တွေကို ဖုန်သုတ်ခိုင်းလို့ တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် အိမ်ဖော်၊ စသဖြင့် မကြာခဏဆိုသလို ကြားနေရပါတယ်။ ဒီလို အဖြစ်ဆိုးမျိုး ကျွန်တော်တို့ မြန်မာတွေထဲက မကြုံရလေအောင် အိမ်ဖော်လာလုပ်ချင်သူ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများကို တော်ရုံတန်ရုံ စိတ်မာပုံမျိုးနှင့်တောင် စင်္ကာပူတွင် အိမ်ဖော်လုပ်ဖို့မလွယ်ကြောင်း၊ တခြား မမြင်နိုင်တဲ့ အခက်အခဲတွေလည်း ရှိနေနိုင်သည့်အကြောင်းစတာတွေကို နားလည်အောင် ၀ိုင်းဝန်း ရှင်းပြကြပါစို့လို့ . . ။

Saturday, June 28, 2008

၂၈နှစ်ပြည့် မွေးနေ့ရှင်နေဘုန်းလတ်သို့



မင်း အဖမ်းခံရတယ် ကြားကြားချင်းတုန်းက တစ်ရက်၊ နှစ်ရက်လား။ တစ်ပတ်၊ နှစ်ပတ်လားလို့ပဲ ထင်ခဲ့တာ။ ဒါနဲ့ပဲ မင်း အကြောင်းပါတဲ့ သတင်းတွေ၊ အသံလွှင့်ဌာနတွေက လွှင့်တဲ့ အသံတွေကို ငါသိမ်းထားတယ်။ မင်းလွတ်လာတဲ့ အချိန် ဖတ်လို့ရအောင်၊ နားထောင်လို့ရအောင်ပါ။ မင်း အထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သိအောင်ပါ။ အခုတော့ မင်းကို ချစ်တဲ့ သူငယ်ချင်းတွေ၊ ဘလော့ခ်ကာတွေရဲ့ ခံစားချက်တွေကို Free နေဘုန်းလတ်ဆိုတဲ့ ဘလော့ခ်လေးမှာ ဖတ်လို့ ရနေပါပြီ။ တစ်လ၊ နှစ်လလောက်နဲ့ မင်း ပြန်လွတ်မလာတော့ အခုမေလပြီးရင် မင်းကို လွှတ်ပေးတော့မယ် ထင်ခဲ့တယ်။ ဒီ ၂၈နှစ်ပြည့်မွေးနေ့ကို အရင်နှစ်တုန်းကလိုပဲ ဘလော့ခ်တွေပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ပြီးတော့ ဂျီတော့ခ်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့်ကွာ ထင်သလို မဖြစ်လာခဲ့ဘူး။

မင်း အထဲမှာ ရောက်နေတုန်း ငါလည်း ဘလော့ခ်ကို ကောင်းကောင်းမရေးဖြစ်ပါဘူးကွာ။ မင်း ဘလော့ခ် မရေးနိုင်လို့ ငါလည်း လိုက်မရေးဘူးလို့ ပြောရင် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တဲ့ မင်းက “မင်း စောက်ရူးပဲ၊ ကိုယ့်ဘာသာကိုယ် စောက်ပျင်းကြီးပြီး မရေးတာများ ငါ့ကို လွှဲချနေတယ်”ဆိုပြီး ပြောမှာ ငါသိတယ် သူငယ်ချင်း။ မင်းအထဲမှာ ရောက်နေလို့ သံလွင်အိပ်မက်ရပ်သွားတာမျိုး၊ လူမှုရေးလုပ်ငန်းတွေ ရပ်သွားတာမျိုး၊ ငါ ဘလော့ခ် ဆက်မရေးတော့တာမျိုးတွေကို မင်း မဖြစ်စေချင်မှန်းငါသိပါတယ်။ ဒါ့ကြောင့် မင်းရဲ့ ၂၈နှစ်မြောက် မွေးနေ့က စပြီး ငါ ဘလော့ခ်ပြန်ရေးတော့မယ်။ ပိုစ့်တွေ တသီကြီး မရေးနိုင်တောင် တပတ်ကို ပိုစ့်တစ်ခုလောက် ဖြစ်ဖြစ်ပေါ့။ မင်းရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို ငါဆက်လက်ထမ်းရွက်မယ်။ မင်းရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို မင်းကိုယ်စား ငါ ပြောပြမယ်။

မင်း လွတ်လာတဲ့ အချိန်မှာ မင်းနားထောင်ဖို့ မင်းရဲ့ သတင်းတွေကို "ForNPL"ဆိုပြီး ငါ Folderတစ်ခုထဲမှာ ထည့်ထားတယ်။ မင်းလွတ်လာရင် ငါ့ဆီက တောင်းဖို့ မမေ့နဲ့ဦး။ မင်း အမြန်ဆုံး လွတ်မြောက်ပြီး မင်းချစ်တဲ့ မိသားစုနဲ့ တူတူ ပြန်လည်တွေ့ဆုံရပါစေလို့ ငါ ဆုတောင်းပေးပါတယ်ကွာ။ ကဲ . ဟက်ပီဘက်ဒေးပါ သူငယ်ချင်း။

Tuesday, March 4, 2008

TPmyanmar ၁၀နှစ်ပြည့်အမှတ်တရ သင်္ကြန်

ဒီရက်ပိုင်းအလုပ်တွေ အရမ်းများနေလို့ ဘလော့ခ်တောင် မရေးဖြစ်ဘူး။ ဘာတွေနဲ့ ရှုပ်နေတာလည်း ဆိုတော့ TPmyanmar ၁၀နှစ်ပြည့် အမှတ်တရ သင်္ကြန်နဲ့ ရှုပ်နေတာပါ။ အဲဒါပြီးရင်တော့ ပြန်ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကဲ လက်မှတ်ဝယ်ချင်တဲ့သူတွေ ရှိရင်လည်း အောက်က လိပ်စာမှာ သွားပြီး ၀ယ်လို့ ရပါတယ်။

TP_Thingyan_Poster1.jpg

Tuesday, February 19, 2008

ကြယ်တွေကြွေသွားတဲ့ ဘဝ

အလုပ်နည်းနည်းများနေတာရယ်၊ ဘလော့ခ်ရေးဖို့ သိပ်စိတ်မပါဖြစ်နေတာရယ်ကြောင့် ကျွန်တော့်ဘလောခ့်လေး တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော် သံလွင်အိပ်မက်မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်ဖော်ပြလိုက်ပါတယ်။

ကြယ်တွေကြွေသွားတဲ့ ဘဝ

ဂြိုဟ်ပြာပေါ်မှာနေ
ဂြိုဟ်ပြာရဲ့ ရေကိုသောက်
လမ်းပေါ်မှာ မှောက်လဲနေတဲ့ ဘ၀တွေရှိတယ်။

မျှော်လင့်ခြင်းဆိတ်သုဉ်း
အရှုံးတွေနဲ့ နပန်းလုံးတဲ့ ဘ၀တွေရှိတယ်။

အနမ်းနဲ့ အမြည်းလုပ်
ပွပွပြီး ပုပ်နေတဲ့ ဘ၀တွေရှိတယ်။

ပညာရည်ချို
သောက်မျိုခွင့်မရတဲ့ ဘ၀တွေရှိတယ်။

လုပ်မရ လှုပ်မရ
ကျောက်ရုပ်လို ဘ၀တွေရှိတယ်။

ပိုနေမြဲ ကျားနေမြဲ
ကြားနေဆဲ ဘ၀တွေရှိတယ်။

တစ်ရာမှာ နှစ်ယောက်
နောက်တစ်ယောက်ပြီး တစ်ယောက်တိုးလာတဲ့ ဘ၀တွေရှိတယ်။

အပြင်ကို မျှော်ငေး
ထွက်ပြေးနေကြတဲ့ ဘ၀တွေရှိတယ်။

အထဲကို ပြန်သွား
အမှားလုပ်မိမှာ ကြောက်တဲ့ ဘ၀တွေရှိတယ်။

ထွန်ယက်စိုက်ပျိုး
မျက်ရည်မိုးတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀တွေရှိတယ်။

လင်းလက်တောက်ပ
ကြယ်တွေ ဝေကြတဲ့ ဘဝ
ကြယ်တွေ ချွေနေတဲ့ ဘဝ
ကြယ်တွေ ကြွေသွားတဲ့ ဘ၀တွေလည်း ရှိပေရဲ့

အလင်းဖြူ
သံလွင်အိပ်မက် အမှတ်(၁၁) ဇူလိုင် ၀၇

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Tuesday, February 5, 2008

တစ်နှစ်ပြည့် Danger Zone

ကျွန်တော် ဒီဘလော့ခ်လေးကို လွန်ခဲ့တဲ့ နှစ် ဒီအချိန်မှာ စရေးခဲ့ပြီး ဟုတ်တာရော မဟုတ်တာပါ အားလုံး ပိုစ့်ပေါင်း ၁၈၃ခု ရေးခဲ့ပါတယ်။ ဘလော့ခ်စရေးတုန်းကတော့ အားနဲ့ မာန်နဲ့ လက်တွေက အရမ်းကို သွက်ခဲ့တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တခြားကိစ္စတွေများလာတဲ့အခါ ဘလော့ခ်ရေးဖို့ မပြောနဲ့ တစ်နေ့တစ်နေ့ အီးမေးလ် မစစ်ဖြစ်တဲ့နေ့တွေ၊ အင်တာနက်တောင် မသုံးဖြစ်တွေနေ့တွေ များများလာတယ်။ ဒါပေမယ့် တခြားအရာတွေကို မေ့ချင်မေ့မယ်။ ဘလော့ခ်ရေးချင်တဲ့စိတ်၊ သွားရင်းလာရင်း ထူးခြားတာလေးတွေ တွေ့ရင် သတင်းထူးတွေ ဖတ်ရရင် သူများတွေကို ပြောပြချင်တဲ့စိတ်၊ ဘလော့ခ်ပိုစ့်တင်ချင်တဲ့စိတ်တွေ ကတော့ အချိန်တိုင်းလောက်နီးပါးရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဘာပိုစ့်မှ အသစ်မတင်ပေမယ့်လည်း လာဖတ်ကြတဲ့သူတွေ၊ ကော်မန့်တွေ ထားသွားကြတဲ့ ဘလော့ခ်ကာ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။

ကျွန်တော့်ဘလော့ခ်နဲ့ တူတူ တစ်ရက်ကြီး တစ်ရက်ငယ် မွေးဖွားလာခဲ့တဲ့ “လွတ်ကျခဲ့တဲ့ မြို့တော်”ဟာဆိုရင်လည်း အခုဆို အုပ်ချုပ်သူကင်းမဲ့နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေးဖော်ရေးဖက် မရှိတော့ အရင်ကလို တက်တက်ကြွကြွနဲ့ မရေးနိုင်တော့ပါဘူး။ ပြီးတော့ အခုခုလောလောဆယ် TPmyanmar ၁၀နှစ်ပြည့် သင်္ကြန်ကို မတ်လထဲမှာ လုပ်ဖို့အတွက်လည်း အသည်းအသန် လုံးပန်းနေရတယ်။ အဲဒါကြောင့် ကိစ္စတွေ အားလုံး ရှင်းမယ့်နေ့၊ သူငယ်ချင်းနဲ့ တူတူပျော်ပျော်ပါးပါး ဘလော့ခ်ပြန်ရေးကြမယ့် နေ့တစ်နေ့ကို စောင့်မျှော်ရင်း . . . . .။

Monday, January 28, 2008

ပင်လယ်သေ

သင်္ဘောတွေ အဲဒီမှာ မဆိုက်ကပ်ခဲ့ကြ
ဝင်ခွင့်ရလက်မှတ်နဲ့
လရောင်က ငုံ့ကြည့်လိုက်တော့
ခေါင်မိုးပေါ်
ဗုံသံနဲ့ လိင်ပညာပေးအကတွေ
မြို့ပြ မှော်ရုံအစပ်မှာ
ဖွေးခနဲ ဖရဲသီး ထက်ခြမ်းကွဲ
ပက်လက်လှန်ပြီး စိုရဲနေတဲ့ည။

အရသာခံဖို့ သက်သက်ပါ
တမျှဉ်းမျှဉ်း
အိပ်မက်ချင်း အလွမ်းခံရင်း
လာဂါတစ်ခွက်နဲ့
ရမ္မက်နည်းနည်းစွက်
မျက်လုံးထဲ လှိုင်းထမယ်ကြံတုန်း
“ငှက်”တစ်ကောင် ဖြတ်ပျံတာကြည့်ပြီး
မြစ်ကိုပဲ ပြန်စီးခဲ့တယ်။

ပင်လယ်ဆိုပေမဲ့
ခြေထောက်ကလေးနဲ့ စည်းလိုက်လို့ပေါ့။ ။

အောင်ဝေး

Thursday, January 24, 2008

မောင်ပွတ်အတွက် မွေးနေ့ဆုတောင်း

ဘလော့ခ်စာအုပ်ကိစ္စအတွက် ရန်ကုန်မှာ ဘလော့ခ်ကာတွေ သင်္ကြန်အပြီးလောက်က ဆုံကြတော့ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသေးဘူးလေ။ အဲဒီချိန်းထားတဲ့ ဆိုင်လေးကို ကျွန်တော်နဲ့ နေဘုန်းလတ်တို့ရောက်သွားတော့ ကဗျာဆရာနဲ့ သူမက စားပွဲတစ်ခု၊ စိုးဇေယျနဲ့ ကိုမျက်လုံးက နောက်စားပွဲတစ်ခုမှာ ခပ်တည်တည်နဲ့ ထိုင်နေကြတာကို တွေ့ရတယ်။ အဲဒါနဲ့ပဲ နေဘုန်းလတ်ကနေ “ဟ ဟေ့ကောင်တွေ လာကြလေ။ ဘာလို့ တစ်ယောက်တစ်စားပွဲထိုင်နေကြတာတုန်း” ဆိုပြီး ကျွန်တော်နဲ့ တူတူ နောက်စားပွဲတစ်လုံးမှာ ၀င်ထိုင်ပါတယ်။ (ပိုပြီးကြီးတဲ့ လူများများဆံ့တဲ့ စားပွဲပါ) အစည်းအဝေးစပြီးတဲ့ အချိန်မှာ ကျွန်တော် မသင်္ကာစရာတစ်ခုသွားတွေ့ရပါတယ်။ အဲဒါကတော့ ခပ်လှမ်းလှမ်းက စားပွဲက ကောင်လေးတစ်ယောက်က ကျွန်တော်တို့ ၀ိုင်းကို ကွက်ကြည့်ကွက်ကြည့်နဲ့။

ဟ... ဒီကောင် ဘာကောင်လဲပေါ့။ ဘလော့ခ်ကာတွေ စာအုပ်ထုတ်မယ့်ကိစ္စကို သတင်းရသွားကြတာလား။ ဒီအတိုင်းကွက်ကြည့် ကွက်ကြည့်လုပ်နေရင်တော့ နည်းနည်း ပညာပေးလိုက်ဦးမှဆိုပြီး စဉ်းစားနေတုန်း သူက ကျွန်တော်တို့ဝိုင်းကို တည့်တည့်ကြီး လျှောက်လာတယ်။ ပြီးတော့ “ဘလော့ခ်စာအုပ်အတွက် အစည်းအဝေးနဲ့ တူတယ်၊ ကျွန်တော်က myanmaroa6ဆိုတဲ့ ဘလော့ခ်ကို ရေးတဲ့သူပါ။ ဘလော့ခ်ရေးတာ သိပ်မကြာသေးတော့ သိကြမယ်တော့ မထင်ပါဘူး” ။ ဟုတ်ပါတယ်။ ကျွန်တော် သူ့ဘလော့ခ်ကို မသိပါဘူး။ ပြီးတော့လည်း တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြရင်းနဲ့ စာအုပ်ကိစ္စကိုပဲ အဓိက ဆွေးနွေးဖြစ်သွားပါတယ်။

နောက်ပိုင်း ကျွန်တော် စင်္ကာပူပြန်ရောက်ပြီးတဲ့ အခါမှာတော့ ဘလော့ခ်ကာတို့ထုံးစံအတိုင်း အွန်လိုင်းမှာ တစ်ခါတစ်လေတွေ့၊ သူ့ဘလော့ခ် ကိုယ်ဖတ်၊ ကိုယ့်ဘလော့ခ်သူဖတ်နဲ့ပေါ့။ သူ့ဟာသူ ပေးထားတဲ့ နာမည်ကတော့ Mr Poohတဲ့။ ဒါပေမယ့် သူ့ကို မောင်ပွတ်လို့ပဲ ၀ိုင်းခေါ်ကြတော့ သူလက်မခံလို့ မရတော့တဲ့ အချိန်မှာ သူ့ကိုယ်သူပါ မောင်ပွတ်ပါ ဆိုတာကို လက်ခံခဲ့ရတယ်နဲ့ တူပါတယ်။ မောင်ပွတ်နဲ့ နေဘုန်းလတ်နဲ့ တပူးပူးတတွဲတွဲစာအုပ်ကိစ္စ၊ ဘလော့ခ်တွေကိစ္စ စတာတွေ လှုပ်ရှားနေတယ်ဆိုကတည်းက ကျွန်တော်နဲ့လည်း တွဲလုပ်လို့ရပြီဆိုတာကို သိလိုက်ပါတယ်။ နောက်ပိုင်း ဘလော့ခ်တိုင်း ထွက်လာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုကို အသိအမှတ်မပြုပဲ မနေနိုင်တော့ဘူး။

မောင်ပွတ် စင်္ကာပူကို ရောက်တဲ့နေ့မှာပဲ ကျွန်တော်သွားတွေ့ဖြစ်တယ်။ နောက်ပိုင်းလည်း မကြာခဏတွေ့ဖြစ်ပေမယ့် သူ့ရဲ့ အစွမ်းအစကိုတော့ နေဘုန်းလတ် စင်္ကာပူကို လာလည်ပြီးတဲ့အချိန်မှာ အတိအကျသိခွင့်ရခဲ့တယ်။ အဲဒါကတော့ သူ့ရဲ့ ဟာသဥာဏ်ပါ။ သူ့ဘလော့ခ်မှာ ဟာသတွေချည်းရေးနေတာမဟုတ်ပဲနဲ့ သူ့ရဲ့ ရုပ်က ပြောင်ချော်ချော်နောက်တောက်တောက် ဖြစ်နေတာမဟုတ်ပဲနဲ့ကို ရယ်စရာတွေ တလက်စက် ပြောနိုင်ပါတယ်။ နေဘုန်းလတ်နဲ့တောင် သူ့အကြောင်းပြောဖြစ်တော့ ဒီကောင် လူရွှင်တော်လုပ်သင့်တယ်လို့ ပြောမိပါသေးတယ်။ ကျွန်တော်က သူလုပ်နေတဲ့ ဘလော့ခ်တိုင်းမှာ တတပ်တအား ပါဝင်ပေးသလို ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက်အတွက်လည်း သူကူညီလာခဲ့ပါတယ်။

ဒီနေ့သူ့မွေးနေ့မှာတော့ ထိုင်းအစားအစာကျွေးမယ်လို့ ပြောပါတယ်။ စားလည်း စားမယ်။ မွေးနေ့အတွက်လည်း ဆုတောင်ပေးပါ့မယ်။ မောင်ပွတ်ရေ .... ငါတို့ သောက်ကြစားကြတဲ့ အခါ ဆုတောင်းတဲ့ ဆုတောင်းလေးကို သိပ်ကြိုက်တယ်ကွာ။ အဲဒါလေးပဲ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

Friday, January 18, 2008

ကျွန်တော့်အကြောင်းတစေ့တစောင်း

“ဒို့ကတော့ ဒို့ကတော့၊ ဒို့ကတော့ ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန်” ဆိုတဲ့သီချင်းနဲ့ ဗဒင်ဖြစ်လာစေသလို၊ လင်္ကာဒီပချစ်သူဆိုတာနဲ့ ဆရာချစ်ဦးညိုကို ပြေးမြင်မိပြီး၊ ဆေးလိပ်လဲတို၊ နေလဲညိုဆိုတာနဲ့ ဆရာကြီး တင်မိုးကို သတိရကြပါတယ်။ အဲဒီလိုပဲ ဇင်ကိုလတ်ဆိုတာဖြစ်လာစေတဲ့ အက်ဆေးလေး တစ်ပုဒ် ၂၀၀၅ခုနှစ် သြဂုတ်လ သံလွင်အိပ်မက် မဂ္ဂဇင်းမှာ ပါခဲ့ဖူးပါတယ်။ အငယ်ကောင်ဆိုပြီး ညီတစ်ယောက်ရှိတဲ့ ပုံစံမျိုးရေးထားတာရယ်၊ Seagateမှာ အလုပ်ရတယ် ဆိုတာရယ်က လွဲလို့ ကျန်တာ အကုန်လောက်နီးပါးက ကျွန်တော့်အကြောင်းတွေပါ။ ဖတ်ဖူးတဲ့သူတွေအတွက်တော့ မဟုတ်ဘူးပေါ့။ မဖတ်ဖူးသေးတဲ့ လူတွေ ဖတ်ရအောင် လင့်ခ်လေး ပေးလိုက်ပါတယ်။

ကျွန်တော့်အကြောင်း - ဇင်ကိုလတ်

Monday, January 7, 2008

Warren Buffettနှင့် အင်တာဗျူး

Warran Buffettလို့ခေါ်တဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်နဲ့ အင်တာဗျူးလေးကို မနိုင်းနိုင်းစနေဘလော့ခ်နဲ့ Grow with meဆိုတဲ့ ဘလော့ခ်လေးမှာ ဖတ်လိုက်ရပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်သာ ဆိုရင်ရော ဆိုတဲ့ အတွေး ၀င်လာပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိပါတယ်။

၁. Warran Buffettဟာ သူ့ဘ၀ရဲ့ ပထမဆုံး ရှယ်ယာကို အသက် ၁၁မှာ စ၀ယ်ခဲ့တာ ဖြစ်ပြီး သူဝယ်တဲ့ အရွယ်ဟာ တော်တော်နောက်ကျနေပြီဖြစ်လို့ နောင်တရနေပါတယ်။
(အမယ်လေး... နောက်ကျလို့ပဲတော်တော့တယ်။ နောက်များမကျရင် လမ်းလျှောက်တတ်တဲ့ အရွယ်ရောက်ကတည်းက စတော့ခ်ရှယ်ယာများ သွားဝယ်မလားမသိဘူး။ ကျွန်တော်ကတော့ အဲဒီအရွယ်တုန်းက ပိုက်ဆံဆိုတာ ကစားစရာဝယ်ဖို့လို့ပဲ သိထားတာ။)

၂. အသက်၁၄နှစ်အရွယ်မှာ သူသတင်းစာပို့လို့ ရတဲ့ ငွေတွေကို စုပြီး လယ်ကွက်လေးတစ်ကွက်ဝယ်ခဲ့တယ်။
(ကျွန်တော် ၁၄နှစ်အရွယ်မှာတုန်းကတော့ အိမ်ကို အတင်းပူဆာပြီး TV Game ၀ယ်ခိုင်းခဲ့ဖူးပါတယ်)

၃. အခုအချိန်အထိ အိုမာဟားမှာ ရှိတဲ့ အိပ်ခန်း ၃ခန်းသာပါတဲ့ အိမ်လေးမှာပဲ နေနေတုန်းပါ။ သူနေတဲ့ အဲဒီအိမ်လေးထဲမှာ သူလိုချင်တာ အကုန်ရှိပါတယ်။ သူ့ရဲ့ အိမ်ဟာ အုတ်တံတိုင်းတို့ ခြံစည်းရိုးတို့တောင်မရှိပါဘူး။
(အဲဒါတော့ တူတူပါပဲ။ ကျွန်တော်လည်း အိပ်ခန်း၃ခန်းပဲ ပါတဲ့ အိမ်လေးမှာ အခုနေနေပါတယ်။ ပိုက်ဆံကို ချွေတာတာများ ၀ယ်တောင်မ၀ယ်ဘူး။ ငှားပဲနေတာ။)

၎. သူဟာ သူ့ရဲ့ကားကို ဒရိုင်ဘာတို့ဘာတို့ မထားပဲ သူကိုယ်တိုင်မောင်းသလို လုံခြုံရေး တွေ ဘာတွေလည်း မရှိဘူး။
(ကျွန်တော့်ကားကို လည်း ဒရိုင်ဘာ မထားပါဘူး။ ဟဲ.. ဟဲ)

၅. ကမ္ဘာ့အကြီးဆုံး Private Jet Companyကြီးကို ပိုင်ပေမယ့် သူဘယ်တော့မှ ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးမသွားဘူး။
(ကျွန်တော့်အတွက်တော့ Private Jet Company ကြီး မပြောနဲ့ ကစားစရာ လေယာဉ်companyတောင် မပိုင်ပါဘူး။ အင်း... ကျွန်တော်လည်း ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးမသွားဘူး။)

၆. သူ့ကုမ္ပဏီဖြစ်တဲ့ Berkshire Hathawayဟာ companyပေါင်း ၆၃ခုကို ပိုင်ဆိုင်ပါတယ်။ သူဟာ အဲဒီကုမ္ပဏီတွေရဲ့ CEOတွေကို Goalsတွေ ချမှတ်ပေးထားတဲ့ စာတစ်စောင်သာ နှစ်စဉ်ပို့ပေးပြီး အစည်းအဝေးခေါ်ခြင်း ပုံမှန်ဖုန်းခေါ်ခြင်းများလည်း မရှိပါဘူး။ CEOတွေလိုက်နာဖို့ အချက်နှစ်ချက်ပဲ ပေးပါတယ်။
နံပါတ်၁ကတော့ - ရှယ်ယာပိုင်ရှင်တွေရဲ့ ပိုက်ဆံတွေ မဆုံးရှုံးပါစေနဲ့။
နံပါတ်၂ကတော့ - အချက်နံပါတ်၁ကို ဘယ်တော့မှ မမေ့ပါနဲ့။
(ကျွန်တော်သာဆိုရင်တော့ ငါ ပိုက်ဆံဘယ်လောက်လိုချင်တယ်ဆိုပြီး ပြောမှာပဲ။ အဟိ)

၇. သူဟာ လူဂုဏ်ထံတွေနဲ့ အဆက်အဆံသိပ်မရှိပါဘူး။ သူအိမ်ဝယ်ပြီးတဲ့ အချိန်ကစပြီး သူ့ရဲ့ အားလပ်ချိန်တွေကို ပေါက်ပေါက်ဆုပ်စားပြီး တီဗီကြည့်ခြင်းဖြင့်ကုန်ဆုံးစေပါတယ်။
(ကျွန်တော်လည်း လူဂုဏ်ထံတွေနဲ့ သိပ်မပေါင်းဘူး။ အားလပ်ချိန်တွေမှာ အင်တာနက်ထဲမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်း လက်ဖက်သုပ်စားတယ်။)

၈. ကမ္ဘာ့အချမ်းသာဆုံး ဖြစ်တဲ့ Bill Gatesဟာ Warren Buffetနဲ့ လွန်ခဲ့တဲ့ ၅နှစ်က တွေ့ခဲ့ကြပါတယ်။ Bill Gatesက ဘယ်လိုထင်လဲဆိုတော့ ဒီလူကြီးနဲ့ ဘာအချက်မှ မတူညီလို့ ဘာမှ သိပ်များများစားစားပြောစရာ မရှိလောက်ပါဘူးဆိုပြီး နာရီဝက်ပဲ စကားပြောကြဖို့ မှန်းထားပါတယ်။ ဒါပေမယ့် သူနဲ့ တွေ့ပြီးတဲ့အချိန်မှာ ၁၀နာရီကြာအောင် စကားပြောခဲ့ကြပြီး Bill Gates ဟာ Warren Buffetကို အရမ်းလေးစားသွားပါတယ်။
(အင်း Bill Gatesက ကျွန်တော်နဲ့ မတွေ့ရသေးလို့ပါ။)

၉. သူဟာ ဆယ်လူလာဖုန်းလည်း မကိုင်သလို သူ့ရဲ့ ကွန်ပျူတာလည်း သူ့ရဲ့ စားပွဲမှာ မရှိပါဘူးတဲ့။
(ဒါတော့ သူနဲ့ လုံးလုံးကွာသွားပြီ။ အဲဒါနှစ်ခုမရှိပဲနဲ့ နေလို့ကို မရတာ။)



သူက လူငယ်တွေကို အကြံပေးချင်တာကတော့
Credit Cardsတွေကို ဝေးဝေးရှောင်ပြီး ကိုယ့်ဘာသာ ရင်းနှီးမြှုပ်နှံပါ။ ပြီးတော့ အောက်ပါအချက်တွေကို မမေ့ပါနဲ့။
(ဟိုတလောကပဲ ကျွန်တော်Credit Card လျှောက်တာကို မပေးလို့၊ သောက်မြင်ကပ်ကပ်နဲ့ အကုန်လိုက်လျှောက်တာ ရထားတာ မနည်းဘူး။ အကြွေးတွေလည်း မနည်းဘူး။)

- ပိုက်ဆံဟာ လူကို ပြုလုပ်တာမဟုတ်ပါဘူး။ အဲဒီလူကသာ ပိုက်ဆံကို ဖန်တီးတာပါ။
(အင်း ကျွန်တော်လည်း ပိုက်ဆံတွေကို ဖန်တီးချင်ပါတယ်။ ဟိုက်ဂျလောင်း . . . ဆိုပြီးတော့)

- ဘ၀ကို တတ်နိုင်သမျှ အရိုးရှင်းဆုံးနေပါ။
(ကျွန်တော်ရိုးရိုးလေး နေပါတယ်။)

- သူများတွေ ပြောတာကို လိုက်မလုပ်ပါနဲ့။ သူတို့ပြောတာကို နားထောင်ပြီး ကိုယ် ကောင်းမယ်ထင်တာကို လုပ်ပါ။
(သူများပြောတာလည်း နားမထောင်ဘူး။ ကိုယ့်ဘာသာကိုယ်လုပ်ချင်ရာ လုပ်တယ်။)

- Brand Nameတွေကို လိုက်ဝယ်ဝတ်စရာမလိုပါဘူး။ ကိုယ့်ကို နေသာထိုင်သာဖြစ်စေမယ့် အ၀တ်ကိုသာ ၀တ်ပါ။
(Levis' လေး တစ်ထည်လောက်တော့ ၀တ်ခွင့်ပေးပါ)

- ပိုက်ဆံကို မလိုအပ်တဲ့နေရာမှာ မကုန်ပါစေနဲ့။ ကိုယ်တကယ်လိုအပ်တဲ့နေရာမှာသာ ကုန်ပါစေ။
(မလိုအပ်တဲ့ နေရာမှာ သုံးသလား မသုံးသလားတော့ မသိဘူး။ ကျွန်တော့်ပိုက်ဆံတွေ အလိုလိုနေရင်း ပျောက်ပျောက်ကုန်တယ်။ အင်း ပိုက်ဆံအိတ်တော့ ပေါက်နေတယ်နဲ့ တူတယ်။ စစ်ကြည့်ရဦးမယ်)

- ဒါဟာ မင်းဘ၀ပါ။ ဘာလို့ မင်းဘ၀ကို သူများတွေ ထိန်းချုပ်ခြင်းကို ခံမှာလဲ။
(အဲဒါတော့ စိတ်ချ။ သူများတွေ ထိန်းချုပ်တာ ဘယ်တော့မှ မခံဘူး။ ကုန်ကုန်ပြောရရင် ကိုယ့်ဘာသာကိုယ်လည်း ဘယ်တော့မှ မထိန်းချုပ်ဘူး။ ကဲ... အေးရော)

ဒါကတော့ ၅၅.၄ဘီလီယျံချမ်းသာပြီး Charityတွေကို ၃၁ ဘီလီယျံလှူဒါန်းပြီးပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး Warren Buffettနဲ့ အင်တာဗျူးထဲက ကောက်နှုတ်ချက်လေးတွေပါ။ (အခုတော့ မက္ကဆီကိုက Carlos Slim Helu က ဒုတိယဖြစ်ပြီး သူက တတိယရောက်သွားပြီးလို့ သတင်းတချို့မှာလည်း ဖတ်ခဲ့ဖူးပါတယ်။) အင်း.... ဆိုင်မဆိုင်တော့ မသိဘူး ကျွန်တော်ကရော သူပြောတဲ့ အတိုင်း နေထိုင်ရဲ့လားဆိုတာကို ကိုယ့်ဘာသာကိုယ် သုံးသပ်လိုက်တဲ့အခါ အိပ်ခန်း၃ခန်းပါတဲ့ အိမ်မှာ နေတာ၊ ဒရိုက်ဘာမထားတာ၊ ကိုယ်ပိုင်လေယာဉ်မစီးတာ အစရှိသဖြင့် အချက်တော်တော်များများ သွားတူနေတာ တွေ့ရပါတယ်။ ကျွန်တော်ရော ဘီလီယျံနာ ဖြစ်မည်လား?

မှတ်ချက်။ ။ ဒီပိုစ့်ကို ပထမတော့ အတည်ပဲ ရေးထားပေမယ့် အိလေးဆိုတဲ့ တစ်ယောက်က နိုင်းနိုင်းစနေဆီမှာ ဖတ်ဖူးတယ် ဆိုတာနဲ့ ပုံစံလေး ပြောင်းပြီး ရေးပေးလိုက်တယ်။ ဒီပိုစ့်ကို အင်္ဂလိပ်လိုကနေ မြန်မာလို Translateလုပ်ပြီး ရိုက်နေတဲ့ အချိန်မှာ တကယ်ကို တွေးမိခဲ့တာပါ။

Wednesday, January 2, 2008

TPmyanmar Thingyan Collection

လူကြည့်အများဆုံး ဗီဒီယို



ဒါကတော့ Youtubeရဲ့ လူကြည့်အများဆုံး ဗီဒီယိုပါ။ လူပေါင်း သန်း၇၀ကြည့်ပြီးသလို လူပေါင်း ၃သိန်းကျော်ကလည်း အကြိုက်ဆုံးဗီဒီယိုအဖြစ် ရွေးထားတဲ့ ဗီဒီယိုပါ။ လူတစ်ယောက်တည်းကနေ ၁၉၇၀လောက်က သီချင်းတွေကစပြီး ခုခေတ်သီချင်းတွေအထိ အကျော်ကြားဆုံး သီချင်းတွေနဲ့ ဆက်တိုက် ကပြဖျော်ဖြေသွားတာပါ။ အက Professional တစ်ယောက်တော့ ဟုတ်မယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီလို အတွေးမျိုးနဲ့ ကပြဖျော်ဖြေသွားတဲ့ သူ့ကို ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်ပါဘူး။

Tuesday, January 1, 2008

TPmyanmarရဲ့ ကြေငြာချက်

ကျွန်တော့်ကို သူငယ်ချင်းတော်တော်များများက ဖုန်းတွေဆက် smsတွေပို့ပြီး သံရုံးက လုပ်မယ့်လွတ်လပ်ရေးနေ့ပွဲမှာ TPက လူတွေပါတယ် ကြားလို့ ဟုတ်လားလို့ မေးခဲ့ကြပါတယ်။ ပထမတော့ တော်တော်အံ့သြသွားတယ်။ ဘယ်သူတွေပါတာလဲပေါ့။ နောက်တော့မှ သေသေချာချာစဉ်းစားကြည့်တော့ TPကနေ ကျောင်းပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၀၀လောက်ရှိမယ်လို့ ခန့်မှန်းရပြီး အဲဒီအထဲကနေ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ ပါဝင် ပတ်သက်မှုရှိနိုင်တယ်လို့ ထင်ရပါတယ်။ နောက်တစ်ခုရှိတာက တစ်ချို့ဘလောခ့်တွေမှာ တင်ထားတဲ့ ပိုစ့်တွေအရ Polyကျောင်းသားကျောင်းသူဟောင်းများလို့ တွေ့ရတယ်။ Polyကျောင်းဆိုတာနဲ့ TPကို ပြေးမမြင်ကြပါနဲ့ဦး။ စင်္ကာပူမှာ ပေါ်လီကျောင်း ငါးခုရှိပါတယ်။ အဲဒီသတင်းကြားပြီးတဲ့အချိန်နဲ့ ဒီနှစ်မတ်လထဲမှာ ကျင်းပမယ့် ကျွန်တော်တို့ TPmyanmar ၁၀နှစ်ပြည့်အတွက် အစည်းအဝေးလုပ်တဲ့အချိန်နဲ့ အံကိုက်ဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့ TPmyanmarအနေနဲ့ ဟောဒီကြေငြာချက်လေးကို ထုတ်ပြန်ခဲ့ပါတယ်။



ပြီးတော့ ကြုံတုန်း တစ်ခုလောက် ကြော်ငြာပါရစေ။ TPmyanmarအဖွဲ့အစည်းအနေနဲ့ သံရုံးက လုပ်မယ့်ပွဲမှာ ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် ၁၉၉၉ကနေ ၂၀၀၇အထိ TPmyanmarက ပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲများကို စုပေါင်းထားတဲ့DVDကို အဲဒီ၂ရက်နေ့မှာပဲ ဖြန့်ချီတော့မှာဖြစ်ပါတယ်။ လိုချင်တဲ့သူများ အနေနဲ့ ကိုသန့်စင် - ၉၀၈၈၇၆၄၁၊ ကိုကျော်သူရ - ၉၃၈၅၈၅၇၉၊ ကိုFreddy - ၉၆၆၀၀၁၉၅၊ မရွှေဇင် - ၉၃၃၈၈၈၂၅တို့ကို ဆက်သွယ်ပြီး ၀ယ်ယူနိုင်ကြပါတယ်။ ၉၉သင်္ကြန်ကနေ၊ ၂၀၀၇သင်္ကြန်အထိ DVD ၇ချပ်ကို စင်္ကာပူဒေါ်လာ ၂၅ဒေါ်လာပါ။