Monday, April 9, 2012

ဆဲလ်မွန်ငါးတို့ရဲ့ အိမ်ပြန်ချိန်နဲ့ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီး


၁၉၉၉ရဲ့ ဇွန်လ မိုးတွေရွာတဲ့နေ့တစ်နေ့မှာပေါ့။ TP မှာ third yr တက်မယ့် အစ်ကိုနဲ့ NYP မှာ ခုမှ 1st yr စတက်မယ့် ညီညီတို့ကို လေဆိပ်လိုက်ပို့ဖြစ်တယ်။ လေယာဉ်ထွက်ခါနီးတော့ ခွဲခွာခါနီးမိသားစုတွေရဲ့ ထုံစံအတိုင်း ညီညီရော သူ့အမေ (ကြီးကြီးအေး)ရော မျက်ရည်တွေဝိုင်းလို့ပေါ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော်ရင်ထဲမှာ ဆို့နင့်လာတယ်။ ပြီးတော့ လေယာဉ်တွေကို လှမ်းကြည့်လို့ ရတဲ့ ၀ရန်တာဖက်ကို တစ်ယောက်တည်း တိတ်တိတ်လေး ထွက်လာခဲ့ပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျခဲ့ရတယ်။ တကယ်ဆို ညီဝမ်းကွဲဖြစ်တဲ့ ညီညီနဲ့ ခွဲခွာရတယ်ဆိုတာ တစ်ပတ်တည်းပါ။ ဘာလို့ဆိုတော့ ညီညီသွားပြီး တစ်ပတ်အကြာမှာ ကျွန်တော်လည်း စင်္ကာပူသွားပြီး TPမှာ ကျောင်းတက်ရတော့မှာမို့ပါ။ ဒါပေမယ့် ကျွန်တော်ကျတဲ့မျက်ရည်ဟာ တခြားအကြောင်းအရာပေါင်းမြောက်များစွာ ဦးနှောက်ထဲ ရောက်လာတဲ့အတွက်ပါ။ ကိုယ့်နိုင်ငံမှာ ပညာမသင်နိုင်ပဲ တိုင်းတပါးမှာ ပညာသွားသင်ရတဲ့အတွက် မိသားစုတွေ ခွဲခွာကြရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာ။ ရူးသွပ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို မရနိုင်တော့လို့ ၀မ်းနည်းတာ။ RIT ကျောင်းတော်ကြီးနဲ့ မဆုံခင်မှာ ခွဲခွာရမှာမို့ ပူဆွေးတာ။ ပြီးတော့ သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ နိုင်ငံထဲက သားကောင်းရတနာတွေ နိုင်ငံခြားကို ထွက်ခွာသွားရမှာမို့ နှမြောတာ။ အဲဒီ ခံစားချက်အစုံအလင်နဲ့ ကျခဲ့တဲ့မျက်ရည်တွေပါ။

ဒီကြားထဲမှာ သူက NYP မှာ ကျောင်းတက်၊ ကိုယ်က TP မှာ တက်ရတယ်ဆိုပေမယ့် ကျောင်းပိတ်ရက်တွေဆို အားရင်အားသလို တစ်ယောက်အိမ်မှာ တစ်ယောက် သွားအိပ်ကြပါတယ်။ ကျောင်းပြီးသွားကြတဲ့အချိန်မှာ ညီညီက အလုပ်ကောင်းရပြီး stable ဖြစ်နေပေမယ့် ကျွန်တော်ကတော့ SARS ရောဂါဆိုးကြီးကြောင့် စင်္ကာပူမှာ စီးပွားပျက်ကပ်ဖြစ်ပြီး အလုပ်မရဖြစ်ခဲ့ပါတယ်။ Part time လေး လုပ်ရင်း အဆင်မပြေရင် မပြေသလို ညီညီ့ဆီက ပိုက်ဆံလှမ်းချေးရပါတယ်။ တစ်ခါတစ်လေများဆို “ငါ့ကို ပိုက်ဆံ ၂၀ လောက် ချက်ချင်း လွှဲပေးပါဦး။ ခုလောလောဆယ် Hawker centre ရှေ့မှာ စားစရာပိုက်ဆံမရှိလို့ကွာ” ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်ပြီး လှမ်းအပူကပ်ရပါသေးတယ်။ နောက်ပိုင်း အလုပ်လေးဘာလေး အဆင်ပြေတော့ ညီညီက စပြီး စီးပွားရေးလုပ်မလားဆိုလို့ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာကြီးတွေလည်း လုပ်ခဲ့ဖူးပါတယ်။ အချိန်ပြည့်အလုပ်တွေရှိနေတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ကြပါဘူး။ နောက်ပိုင်း သံလွင်အိပ်မက်ကိုလည်း တူတူလုပ်ခဲ့ကြတယ်။ ဘလော့ခ်တွေလည်း တူတူရေးခဲ့ကြတယ်။ ပြီးတော့ မြန်မာပြည် အတွက် အိပ်မက်တွေလည်း တလှေကြီး မက်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ညီညီတို့ ပြန်ပါပြီ။

ညီညီပြန်ချင်တယ်လို့ ပြောနေတာတော့ ကြာပါပြီ။ စင်္ကာပူရောက်တာလည်း ကြာပြီဆိုတဲ့အကြောင်း ဒီနိုင်ငံမှာပဲ ရတဲ့လစာလေးနဲ့ အဆင်ပြေသလို နေပြီး ဘ၀ကြီးကို မြှုပ်နှံသွားလို့ မဖြစ်တော့ဘူးဆိုတဲ့အကြောင်း၊ မိဘတွေလည်း အသက်ကြီးပြီ ဆိုတဲ့အကြောင်း၊ အပြောင်းအလဲဆိုတာ ဒီလိုပုံစံမျိုးမှမလုပ်ရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်းတွေနဲ့ပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ညီညီအတွက် ယုံကြည်နေပါတယ်။ မိမိရဲ့ စားဝတ်နေရေးအတွက် စီးပွားရေးလုပ်တဲ့အခါ နိုင်ငံရဲ့ စီးပွားရေးကိုလည်း တဖက်တလမ်းကနေ အကျိုးရှိစေလိမ့်မယ်ဆိုတာ၊ နိုင်ငံရပ်ခြားကနေ အိတ်အပြည့်နဲ့ ထည့်လာတဲ့ အသိပညာအတတ်ပညာတွေဟာ နိုင်ငံရဲ့ ရှေ့ရေးကို အများကြီးအကျိုးပြုမယ်ဆိုတာ၊ လူမှုရေးကိစ္စရပ်တွေမှာ စိတ်ပါဝင်စားသူတစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်မယ်ဆိုတာ။ ပြီးတော့ မိဘတွေရဲ့ ကျေးဇူးကို ငွေလေးပို့ရုံဖုန်းလေးဆက်ရုံတင်မဟုတ်ပဲ အနီးကပ်ပြုစုစောင့်ရှောက်နိုင်မယ်ဆိုတာ၊ နောက်ဆုံး ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်နေမိပါတယ်။ နိုင်ငံရပ်ခြားကနေ အဲလိုပြန်လာကြမယ့် သားသမီးတွေကို ဒဏ်ရာ အနာတရတွေနဲ့ အမိမြန်မာနိုင်ငံကြီးက ရင်ဘတ်ကြီးကို ဟောင်းလောင်းဖွင့်လို့ ကြိုဆိုနေမယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။ ညီညီဟာ လွန်ခဲ့တဲ့ ၁၃နှစ်က ကျွန်တော့်ထက် တစ်ပတ်စောပြီး စင်္ကာပူကို ထွက်လာပါတယ်။ အခုလည်း သူကပဲ စောပြီး မြန်မာပြည်ပြန်သွားခဲ့ပါပြီ။ နောက် ၇ရက် အကွာမှာ လိုက်ပြန်ချင်ပေမယ့် မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေ ဆက်လျှောက်ဖို့ စင်္ကာပူဆိုတဲ့ ဒီကျွန်းသေးလေးမှာ ကျွန်တော်တို့ကတော့ ဆက်ရှိနေဦးမှာပါ။ ၇ရက်အတွင်းမပြန်နိုင်သေးပေမယ့် ၇နှစ်လောက်တော့ မကြာအောင် ကြိုးစားသွားမှာပါ။ ပညာတွေပြည့်ဝတဲ့အချိန်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အချိန်၊ အကောင်းတကာ့အကောင်းဆုံးတွေ နိုင်ငံအတွက် သယ်လာနိုင်မယ့်အချိန် . . . တချိန်ချိန်မှာတော့ ပြန်လာခဲ့ပါမယ်။ ဆဲလ်မွန်ငါးတို့ အိမ်ပြန်သွားသလို ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးတွေဟာလည်း သိပ်မကြာတော့မယ့်အချိန်မှာ ပြီးဆုံးနိုင်တော့မယ့်လို့ မျှော်လင့်ရင်း . . . ။

စည်သူ(သံလွင်)

10.03.2012 မှာ ရန်ကုန်အပြီးပြန်သွားတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းအတွက်အမှတ်တရ . . .

3 comments:

mabaydar said...

ခုလို စိတ်ဒုန်းဒုန်းချပြီးပြန်သွားတဲ့ ကိုညီညီ(သံလွင်)နဲ့ မစကားပန်းကို လေးစားအားကျပါတယ်... အဲဒါကြောင့် နောက်ပိုင်း သူတို့မြန်မာပြည်ကအကြောင်းတွေတင်နေတော့တောင် အလည်ပဲပြန်သွားတာလား... စကာင်္ပူမှာမရှိတော့ဘူးလားလို့ တွေးနေတာ... ကိုစည်သူလဲ ဆန္ဒတွေပြည့်ဝပါစေ...

Zin Ko Latt said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေး)

chenmeinv0 said...

michael kors outlet
ralph lauren outlet
ray ban sunglasses
coach outlet
cheap oakley sunglasses
michael kors handbags
michael kors canada
seattle seahawks jerseys
abercrombie & fitch
coach factory outlet
20173.14chenjinyan