Thursday, February 11, 2016

သူငယ်ချင်းသို့ ပြန်စာ(၅)


သူငယ်ချင်းရေ ငါလည်း မင်းဆီ စာမရေးဖြစ်တာ ကြာပေါ့။ အခုတော့ စစ်လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးမိတာလေးတွေကြောင့် ဒီစာကို ရေးလိုက်တယ်။ လေသူရဲတွေ သေဆုံးသွားတယ်ဆိုတာ သိရလို့ တကယ်ကို စိတ်မကောင်း ၀မ်းနည်းကြီးစွာ ဖြစ်ရပါတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ လူတွေ အတွက် ဒါမှမဟုတ် တပ်မတော်အတွက် ကြံဖန်ပြီး လောဘီလုပ်နေရတာတွေကို တွေ့တော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တပ်မတော်အတွက် ဒီလောက်တောင် လော်ဘီလုပ်စရာ ရှားနေပြီလား။ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ဘယ်လို မတော်တဆ ထိခိုက်မှုဖြစ်ဖြစ် တတ်နိုင်သမျှ Impact အနည်းဆုံးဖြစ်အောင် နောက်ဆုံးအချိန်ထိ ကြိုးစားရစမြဲပါ။ ဒါဟာ လူသားဆန်တဲ့ဝါဒပါ။ အဲဒါနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ ၆နှစ်လောက်က စင်္ကာပူမှာ ဖြစ်သွားတဲ့ ရဟတ်ယာဉ် စက်ချွတ်ယွင်းပြီး မြက်ခင်းပြင်ပေါ် ပျက်ကျသွားခဲ့တာလေးကို ပြန်သတိရမိတယ်။ မှတ်မိနေတာ တခြားကြောင့်မဟုတ်ဘူးကွ၊ ငါတို့ Woodlands အိမ်ကနေ ကိုက်အနည်းငယ်လောက်ဝေးတဲ့ မူလတန်းကျောင်းလေးရဲ့ အရှေ့ မြက်ခင်းပြင်မှာ ပျက်ကျခဲ့လို့ ပိုပြီးမှတ်မိနေတာပါ။ အဲဒီတုန်းကလည်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့ရင် ဒါမှမဟုတ် ကျောင်းပေါ် ပျက်ကျခဲ့ရင် လူအသေအပျောက်နည်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်သူမှ ဒါကို ပျက်ကျတော့မယ့် ဆဲဆဲ လူတွေ အသေအပျောက်မရှိအောင် မြက်ခင်းပြင်ပေါ် အသည်းအသန် ပျက်ကျလိုက်ရပါတယ်ဆိုပြီး လော်ဘီလုပ်နေတာ မတွေ့မိဘူး။ “ရဟတ်ယာဉ်မှူး နှစ်ဦးအပါအ၀င် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိဘူး” ဆိုပြီး သတင်းအနေနဲ့ပဲ ပါလာတယ်။ သတင်းအစုံအလင်ကိုတော့ အောက်က လင့်မှာ ဖတ်လို့ ရပါသေးတယ်။ http://news.asiaone.com/News/AsiaOne+News/Singapore/Story/A1Story20100930-239915.html

နောက်ဆုံးကုန်ကုန်ပြောရရင် ကားမောင်းရင်း Lost Control ဖြစ်လို့ ဖြစ်ဖြစ် ဘရိတ်ပေါက်လို့ ဖြစ်ဖြစ် အရှိန်မထိန်းနိုင်တော့ရင်တောင် အရှေ့မှာ လူတစ်ယောက်ယောက်ရှိတယ်ဆိုရင် တတ်နိုင်သမျှ ဘေးဖက်က ဓါတ်တိုင်၊ သစ်ပင်၊ ပလက်ဖောင်း စတာတွေကို ၀င်တိုက်ပြီး အရှိန်ကို သတ်ကြပါတယ်။ ဒါဟာ လူသားဆန်တဲ့ အပြုအမူ၊ မိမိကြောင့် တပါးသူ အသက်အိုးအိမ်ကို မပျက်စီးစေတဲ့ စိတ်ဓါတ်ပါ။ အခုတော့ အဲဒါကိုပဲ ဂုဏ်ယူသလိုရေးနေကြတော့ တပ်မတော်မှာ ဂုဏ်ယူစရာ ဒီလောက်တောင် ရှားနေပြီလားလို့ တွေးမိတယ်။ Accident ဆိုတာကြီးကို ဘယ်သူမှ မဖြစ်ချင်ကြသလို တကယ်ဖြစ်လာရင်လည်း ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့အတွက် အသက်အိုးအိမ်တွေ ပျက်စီးရပါတယ်။ ဒါပေမယ့် အဲဒီအသက်အိုးအိမ်တွေ မလိုအပ်ပဲ မပျက်စီးအောင်၊ တချို့ဘ၀တွေဆိုလည်း ရှင်လျှက်နဲ့ သေနေသကဲ့သို့ မဖြစ်အောင်၊ ဘ၀မှာ ဘာမှ ထပ်ပြီး မျှော်လင့်ချက်မရှိတော့တာမျိုးတွေ မဖြစ်အောင်တော့ ကြိုတင်ပြီး တားဆီးကာကွယ်လို့ ရပါသေးတယ်။

ဥပမာ ဟိုတလောက မီးလောင်တဲ့ မင်္ဂလာဈေးဆို Fire Sprinkler System တွေ မရှိတာကြောင့်လား၊ မီးသတ်ကားမလုံလောက်တာကြောင့်လား၊ ရေမရှိလို့လား၊ အဲဒါတင်မဟုတ်ပဲ နမ့်ဆန် အပါအ၀င် နိုင်ငံတ၀ှမ်းက မီးဘေး၊ မိုးရာသီမှာ ဖြစ်နေကျရေဘေး အစရှိတာတွေ။ ပြီးတော့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ထုတ်ပြန်လိုက်တဲ့ လူတွေကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အစားအစာ အသုံးအဆောင်တွေ အကြောင်း ၊ ဒါတွေကလည်း ငါတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တနည်းမဟုတ် တနည်းနဲ့ ထိခိုက်နေတာပဲမဟုတ်လား။ တကယ်တော့ စစ်သား၊ အရပ်သားမှ မဟုတ်ပါဘူး၊ လူမှန်ရင် ချစ်သူမုန်းသူရှိစမြဲပါ၊ လူ့ဘ၀တွေ သေကြေပျက်စီးရတယ်ဆိုရင် အနည်းဆုံးတော့ သူ့မိသားစု သူ့ကို ချစ်တဲ့သူတွေကတော့ ဖြေမဆည်နိုင်အောင်ဖြစ်ကြရမှာပါ။ အရင်အစိုးရအဆက်ဆက်ကတော့ အဲဒီလို မသေသင့်ပဲ ချွေလွင့်ခံခဲ့ရတဲ့ လူ့ဘ၀တွေကို တာဝန်ယူနိုင်ခြင်းမရှိဘူးဆိုတာ ထပ်ပြောနေဖို့ မလိုဘူးထင်ပါတယ်ကွာ။

အခု NLD အစိုးရတက်လာတော့မယ် ငါတို့ လိုချင်တဲ့ နိုင်ငံတော်ဖြစ်တော့မယ်လို့ တထစ်ချ ယုံကြည်နေရင်တော့ ဒီအခြေခံဥပဒေအောက်မှာဆိုရင်တော့ “မထင်”လို့ တခွန်းတည်းပြောရမှာပါ။ မင်းကတော့ ပြောမယ် နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာ ပဲ လို့။ ငါတို့မှာလည်း ဘယ်သွားသွား ဒီဘူတာကြီးက ခံနေတော့ ရှေ့ကို ဆက်တိုးဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲကွာ။ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တကယ်စောင့်ရှောက်တယ်ဆိုရင်၊ တပ်မတော်ရဲ့ သိက္ခာကို အဖတ်ဆည်ချင်တယ်ဆိုရင်၊ မြန်မာ့အရေးမှာ ရှေ့တန်းက ပါဝင်ချင်တယ်ဆိုရင် ပြည်သူတွေ အလိုလားဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဖို့မှာ ဦးဆောင်ဦးရွက်ပြုဖို့ တိုက်တွန်းလိုက်ချင်တယ်ကွာ။ ဟိုတစ်နေ့က ဖေ့ဘုတ်မှာ တစ်ယောက်ရေးထားတဲ့ စာသားလေးတစ်ခုကိုတောင် ပြေးသတိရမိတယ်။ ဘာတဲ့ ”၅၉(စ)ကို ဆိုင်းငံ့ ဒါမှမဟုတ် ပယ်ဖျက်ပေးမယ်ဆိုရင် လာမယ့် မတ်လ ၂၇ရက်နေ့မှာ တနိုင်ငံလုံးက လမ်းတွေမှာ စံပယ်ပန်းကုံးတွေ ဖုံးသွားစေရမယ်”တဲ့။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)