Thursday, February 11, 2016

သူငယ်ချင်းသို့ ပြန်စာ (၃)






ငါလည်း စင်္ကာပူကနေ သြစတြေးလျကို ရောက်တာ ဘာလိုလိုနဲ့ သုံးလတောင် ကျော်ပေါ့။ နေရာသစ်မှာ အသားကျအောင် ကြိုးစားနေရတာနဲ့ အခုမှပဲ စာရေးဖြစ်တော့တယ်ကွာ။ ပထမငါထင်တာတော့ သြစတြေးလျကိုလာတဲ့ လေယာဉ်ပေါ်မှာ လူဖြူတွေနဲ့ချည်းတွေ့ရမယ်ပေါ့။ ငါပြောတာရော သူတို့ နားလည်ပါ့မလား။ သူတို့ပြောတဲ့ လေယူလေသိမ်းကလည်း နာမည်ကြီး Aussie Accent ဆိုတော့ ကိုယ်ကလည်း အင်္ဂလိပ်စကားဆို စလုံးတွေရဲ့ တလားလားပဲ သိ၊ ပြီးတော့ Hollywood ရုပ်ရှင်ကားတွေ အကြည့်များလို့ အမေရိကန်လေယူလေသိမ်းကို ရုပ်ဖမ်းသံဖမ်းလောက်ဆိုတော့ ဖြစ်ပါ့မလားပေါ့။ တကယ်လည်း Singapore ကနေ Sydneyကိုလေယာဉ်စီးရော အရှေ့ခုံမှာ တရုတ်၊ အနောက်ခုံမှာ ဗီယက်နမ်၊ နဲ့ ဘေးခုံမှာ အိန္ဒိယသားတွေနဲ့ပေါ့။ လေယာဉ်တစ်စီးလုံးလည်း အဖြူဆိုလို့ နည်းနည်းပဲ ပါတယ်။ အဲဒါပြီးတော့ Sydney ကနေ ငါနေမယ့် Adelaide ဆိုတဲ့ မြို့လေးကို လေယာဉ်စီးတော့မှပဲ လေယာဉ်တစ်စီးလုံး အဖြူတွေ၊ ငါတို့ပဲ အာရှသားတွေ ပါတော့ ငါ့မှာ အဖြူတွေချည်းနေတဲ့ မြို့ကိုတော့ ရောက်ဦးမှာပေါ့လို့ ထင်နေခဲ့တယ်။ နောက်ဆုံး ငါအခုငှားနေတဲ့ အိမ်ကို ရောက်မှပဲ အထင်နဲ့ အမြင် လွဲမှန်းသိရတော့တယ်။ ဟုတ်တယ်လေ ငါနေတဲ့ အိမ်ရှေ့အိမ်က တရုတ်၊ မျက်စောင်းထိုးက ကိုရီးယား၊ ညာဖက်ဘေးအိမ်က Middle Eastern၊ ငါတို့က မြန်မာ ဘယ်ဖက်ကပ်လျက် အိမ်တစ်အိမ်ပဲ အဖြူတွေ တွေ့တယ်။ ရပ်ကွက်တိုင်းလောက်နီးပါးမှာလည်း Asian Grocery လို့ခေါ်တဲ့ တရုတ်ဆိုင် ကုလားဆိုင်၊ ဗီယက်နမ်ဆိုင်တွေ ရှိတော့ ငါ့ရဲ့ မဟေသီကတော့ ပျော်နေလေရဲ့။

ဟုတ်တယ်သူငယ်ချင်း . . . ဒီနိုင်ငံမှာတော့ တော်တော်များများက တခြားနိုင်ငံတွေကနေ အခြေချ လာနေတဲ့လူတွေ များတယ်။ အဖြူတွေ ကိုယ်တိုင်တောင်မှပဲ ၁၇ရာစု နှောင်းပိုင်းမှ ဗြိတိန်နဲ့ ဥရောပသားတွေရဲ့ နယ်မြေသစ်ရှာဖွေ အခြေချ နေထိုင်မှုတွေကြောင့် တစစ ရောက်ရှိခဲ့ကြတာလေ။ အဖြူတွေ ကြီးစိုးထားပေမယ့်လည်း Aboriginal လို့ ခေါ်တဲ့ ဒီနိုင်ငံရဲ့ ဒေသခံတိုင်းရင်းသားတွေကို အခွင့်အရေးတွေ အပြည့်ပေးထားတာကို တွေ့ရတယ်။ ဥပမာ ဒီမှာ အလုပ်လျှောက်တဲ့ အခါတိုင်း Aboriginal လားဆိုတာကို အလုပ်ရှင်တွေက မေးတတ်ပြီး ဟုတ်တယ်ဆိုရင်တော့ သူတို့ကို ဦးစားပေးခန့်ထားတတ်ကြတယ်။ ငါနေတဲ့ မြို့က အခုနောက်ဆုံး ကောက်ခံရရှိတဲ့ စစ်တမ်းတွေ အရ ကမ္ဘာ့နေချင်စရာအကောင်းဆုံးမြို့မှာ နံပါတ် ၅ ရထားတဲ့ မြို့ပေါ့။ စစ်တမ်းတွေမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံဆိုတဲ့ အချက်တွေကို ကြည့်ပြီး အမှတ်ပေးခဲ့တယ်လို့ သိရတယ်။ ငါ အဓိကပြောချင်တာတော့ ဒီမြို့လေးအကြောင်းထက်ကို ဒီနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းပဲ။ ဒီမှာ Technical And Further Education - TAFE လို့ခေါ်တဲ့ ကျောင်းတွေကို နေရာတော်တော်များများမှာတွေ့ရပြီး အဓိက အားဖြင့်တော့ Certificate နဲ့ Diploma သင်တန်းတွေကို ပို့ချပေးတယ်။ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်ကြီးတွေကို တက်ကြတဲ့ သူတွေ ရှိပေမယ့် အများစုကတော့ TAFE ကျောင်းဆင်းတွေ ဖြစ်တယ်။ TAFE ကနေ ကျောင်းပြီးတဲ့ အခါ University ကို ဆက်တက်ချင် တက်လို့ ရသလို၊ ကိုယ်တတ်မြောက်တဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်ကို ရှာဖွေပြီး ၀မ်းစာရှာချင်လည်း ဖြစ်တယ်။ စင်္ကာပူနဲ့ ယှဉ်ရင်တော့ Institute of Technical Education - ITE ရယ် Polytechnic ရယ်ကိုပေါင်းထားတဲ့သဘောပေါ့။ စင်္ကာပူမှာဆိုရင်လည်း ငါ့အရင်အလုပ်ထဲမှာ ITE ကျောင်းဆင်းတွေနဲ့ အတူတူ လုပ်ခဲ့ဖူးပြီး အလုပ်ဝင်ဝင်ချင်းမှာ Technician ရာထူးကနေ တော်ရင် တော်သလို အင်ဂျင်နီယာ မန်နေဂျာအဆင့်ထိ တက်သွားတဲ့သူတွေ ရှိတယ်။

ဒီ TAFE က Theory ထက်ကို Practical ပိုင်းဦးစားပေး သင်တယ်ဆိုတော့ စင်္ကာပူက ITE နဲ့ ပိုဆင်တူမှာပေါ့။ တက်ရောက်နိုင်တဲ့ ပညာရပ်တွေဟာလည်း လက်တွေ့အလုပ်အကိုင်တွေနဲ့ နီးစပ်တဲ့ Certificate in Hairdressing, Kitchen Operation, Automotive Servicing Technology, Pork Production အစရှိတဲ့ Course တွေ ကို သင်ယူနိုင်တယ်။ လခအနေနဲ့ကတော့ တစ်လကို အခွန်ဖြတ်အပြီး ၃၀၀၀ ၀န်းကျင်ကနေ ၅၀၀၀ ထောင်နဲ့ အထက်လောက် ရကြတယ်ဆိုတော့ လူလူသူသူ သုံးနိုင်ဖြုန်းနိုင်လောက်တဲ့ အနေအထားပေါ့ကွာ။ ငါ အဓိကပြောချင်တာက လူတိုင်းဟာ တက္ကသိုလ်ဘွဲ့ရဖြစ်နေမှ ပညာတတ်ကြီးတွေ ဖြစ်ပြီး နိုင်ငံတိုးတက်မှာ မဟုတ်ဘူးဆိုတာကိုပဲ၊ ဘက်စုံတိုးတက်ဖို့အတွက် နေရာတိုင်းမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်တယ်။ ငါတို့ဆီမှာလည်း အရင်တုန်းက စက်မှု လက်မှု အထက်တန်းကျောင်း၊ စက်မှုလက်မှု သိပ္ပံ၊ စသဖြင့် ရှိသလိုပေါ့။ အခုကတော့ ငါတို့နိုင်ငံရဲ့ ပညာရေးဟာ တက္ကသိုလ်တွေများ၊ မိဘတွေက သားသမီးကို ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ပဲ ဖြစ်စေချင်၊ အဲဒီဟာကိုမှ မမှီရင် အဝေးသင်ဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခုက ဘွဲ့ရပြီးရောနဲ့ ပညာရေးစနစ်ကြီးက ပျက်စီးနေတာ မင်းလည်း အသိပဲကွာ။ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်အပေါ် မူတည်ပြီး ပညာရေးကနေ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရမှာဖြစ်ပေမယ့် အခုက Zoology တို့ သမိုင်းတို့ ပထ၀ီတို့ ရတဲ့ ဘွဲ့ကို ယူ၊ ပညာရေးက သက်သက် အလုပ်အကိုင် အခွင့်အလမ်းက သက်သက်ကြီးကို ဖြစ်နေကြတော့တာ။

အဲဒါနဲ့ ပတ်သက်ပြီး ဟိုတလောက ကျိုက်လတ်မှာ အန်တီစု စည်းရုံးရေးဆင်းတော့ ကျောင်းသားလေး တစ်ယောက်က မေးတယ်။ သူတို့အနေနဲ့ တက္ကသိုလ်ဝင်ခွင့် အပြီးမှာ ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ဘာသာရပ်တွေ တက်ရောက်နိုင်ဖို့ အန်တီအနေနဲ့ လုပ်ဆောင်ပေးပါလို့ တောင်းဆိုတယ်။ အဲဒီတော့ အန်တီ ပြန်ဖြေတာက အနောက်နိုင်ငံတွေမှာဆိုရင် ကိုယ်စိတ်ဝင်စားတာကို တတ်ရောက်နိုင်မယ့် သင်တန်းတွေ အများကြီးရှိကြောင်း လူတိုင်း တက္ကသိုလ်တက်ပြီး ဘွဲ့ရနေရင် ပုံမှန်အလုပ်တွေကို လုပ်ကိုင်မယ့်လူ ရှိမှာ မဟုတ်ကြောင်း၊ အဲဒါကြောင့် ပညာရေးမှာ အဲလို ကျောင်းတွေ များများ ပေါ်ထွက်လာအောင် စီစဉ်ရမှာ ဖြစ်ကြောင်း ကျောင်းသားလေး နားလည်အောင် ရှင်းပြခဲ့တယ်။ အန်တီက သြစတြေးလျရဲ့ TAFE တို့လို Singapore ရဲ့ ITE တို့လို ကျောင်းတွေကို ရည်ရွယ်ပြီး ပြောခဲ့တယ်ဆိုတာ သေချာပါတယ်။ အဲဒါကြောင့်လည်း အန်တီစု စင်္ကာပူ လာတုန်းက ITE ကျောင်းကို သွားရောက်လေ့လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ကော့မှူးမှာလည်း စာဖိုမှူးသင်တန်းတွေ ဖွင့်ထားပြီး အဲဒီက ကျောင်းပြီးတဲ့လူတွေဟာ အဆင့်မြင့် ဟိုတယ်ကြီးတွေ မှာ အလုပ်တောင် ၀င်နေကြပြီဆိုတာ သိရလို့ ၀မ်းသာရတယ်။

ငါတို့ ဆီမှာ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ဖို့ ငါလည်း ဒီဘူတာပဲ ဆိုက်ရဦးမယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာ NLD သာ နိုင်လို့ကတော့ ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ဘာသာ ကို တက်ရောက်နိုင်မယ့် ကျောင်းကြီးတွေ၊ အဲဒီကျောင်းကြီးတွေက မွေးထုတ်ပေးလိုက်မယ့် ကျွမ်းကျင်လုပ်သားတွေ၊ အဲဒီ ကျွမ်းကျင်လုပ်သားတွေကြောင့် တိုးတက်လာမယ့် ငါတို့ နိုင်ငံကြီးကို လှမ်းမျှော်ကြည့်တာနဲ့တင် ၀မ်းသာပီတိဖြစ်ရတယ်ကွာ။ အဲဒီလိုနေ့ရက်တွေရောက်ရှိဖို့အတွက် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်ဟာ မဲစာရင်းကြည့်ဖို့နဲ့ NLD ကို မဲထည့်ဖို့ ဆိုတာကတော့ ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။ နောက်များမှ ဒီနိုင်ငံရဲ့ အစိုးရအကြောင်း၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံအကြောင်းတွေ မင်းကို လှမ်းပြောပြဦးမယ် သူငယ်ချင်းရေ ။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)